အင်္ဂလိပ်ဘာသာအားဖြင့် Cucumber ဟုခေါ်ပြီး ရုက္ခဗေဒမျိုးရင်းမှာ Curbitaceae ဖြစ်၍ မျိုးစု Cucumis နှင့် မျိုးစိတ် Sativus အဝင်အပါ သခွားသီးကို မြန်မာနိုင်ငံ၌ ၁၂ လရာသီရရှိနိုင်သော်လည်း မိုးရာသီတွင်သာ အလုံးထွားထွား အရည်ရွှမ်းရွှမ်း သခွားသီးအကြီးမျိုးကို တွေ့ရသည်။

သခွားသီးတွင် ရေဓာတ် ၉ဝ ရာခိုင်နှုန်းပါဝင်ပြီး ယင်းတွင်ပါဝင်သော သဘာဝဒြပ်ပေါင်းများသည် ကိုယ်တွင်း အပူဓာတ်ကို ငြိမ်းစေကာ ခန္ဓာကိုယ်တွင် ရေဓာတ်ခမ်းခြောက်မှုကိုကာကွယ်ပေး၍ အရေးကြီး ကိုယ်တွင်း ဓာတ်ဆားတစ်ခုဖြစ်သော ပိုတက်စီယမ်ဓာတ်ကြွယ်ဝသည့်သီးနှံဖြစ်သောကြောင့် ကျန်းမာရေးအကျိုးပြု သီးနှံ ဖြစ်သည်။

သခွားသီး၏သတ္တိမှာ အစာချေဖျက်မှုကို အားပေးသည့်အပြင် ဆီး၊ ဝမ်းကိုလည်းမှန်ကန်စေပြီး သွေးတွင်း ကိုလက်စထရောပမာဏကို လျော့နည်းစေ၍ သွေးလည်ပတ်မှုစနစ်ကို ထိန်းသိမ်းပေးနိုင်သည့်အတွက် သွေးပေါင်ချိန်ကိုလည်း လျှော့ချပေးနိုင်သည်။

ထို့အပြင် ပျိုမေတို့အတွက်လည်း အလှအပရေးရာ၌ အသုံးတည့်သီးနှံမျိုးဖြစ်၍ အလှကုန်ပစ္စည်းများ ထုတ်လုပ်ရာ၌ အရေးပါသည်။ သခွားသီးကို အခြားသဘာဝထွက်ပစ္စည်းများနှင့် ပေါင်းစပ်၍ အသားအရေ ထိန်းသိမ်းသည့် အလှကုန်ပစ္စည်း ကော့စ်မက်တစ်များကို သုတေသနပြုထုတ်လုပ်လာကြသည်။

သခွားသီး၏ ဆေးဖက်ဝင်အစွမ်းသတ္တိများနှင့် ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်နိုင်စွမ်းမြင့်မားကြောင်း သိရှိထားသော အိန္ဒိယနိုင်ငံ၏ လမ်းဘေးတွန်းလှည်းဆိုင်လေးများ၌ သခွားသီးကို အစိတ်ကလေးများစိတ်၍ အအေးခံထားပြီး ဆားအနည်းငယ်ဖြင့် နေရာအနှံ့ရောင်းချသည်ကို အမြင်ဆန်းစွာတွေ့ဖူးပေသည်။

သခွားသီးတွင် အရေးကြီးဒြပ်ပေါင်းနှင့် သတ္တုဓာတ်များအများ အပြားပါဝင်သည်။ ယင်းတို့တွင် ခန္ဓာကိုယ်ရှိ သွေးနီဥဆဲလ် Blood Cell များအတွက် အရေးပါသော ပိုတက်စီယမ်ဓာတ်သည် ၄ဝ.၂ ရာခိုင်နှုန်း ပါဝင်နေခြင်းသည် သခွားသီး၏ ထူးခြားစွမ်းအင်ဖြစ်ပါသည်။

သခွားသီး၏ ဆေးဖက်ဝင်အသုံးဝင်ပုံများမှာ သခွားသီးသည် ရေဓာတ် ၉ဝ ရာခိုင်နှုန်း ပါဝင်ဖွဲ့စည်းခြင်းကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံးမှုဖြစ်စဉ်များတွင် ရေဓာတ်ကို အလျင်အမြန်ပြန်လည် ဖြည့်တင်းပေးနိုင်ပြီး သွေးလည်ပတ်မှုကို ပုံမှန်ဖြစ်စေသည်။

ရာသီဥတုပူပြင်း၍ ချွေးထွက်လွန်ပြီး ရေဓာတ်ခမ်းခြောက်ခြင်း၊ ဆီးခမ်းခြင်း၊ ဆီးသွေးပါခြင်းနှင့် ရေငတ်ဝမ်းကျ ရောဂါများအတွက် ကိုင်းသခွားသီးလတ်လတ်ဆတ်ဆတ်ကို ထန်းလျက်နဲ့တွဲ၍ အဝစားပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေသည်။

နေလောင်ခြင်း၊ မီးပူခံရ၍ မျက်နှာပြင်နှင့် အသားအရေ ခြောက်သွေ့ခြင်းတို့အတွက် သခွားသီးကို အကွင်းလိုက် ပါးပါးလှီးပြီး မျက်နှာကို ကပ်ပေးခြင်းဖြင့်လည်းကောင်း၊ သခွားသီးကို အရည်ကြိတ်ပြီး ပျားရည်နှင့် ဆတူရောစပ် ၍ မျက်နှာနှင့် အသားအရေကို လိမ်းပေးလျှင် သက်သာပျောက်ကင်းစေသည်။

ခန္ဓာကိုယ်တွင်း အဆီပိုများကျဆင်းပြီး အညစ်အကြေး၊ အဆိပ်အတောက်များ သန့်စင်စေရန်အတွက် နံနက်၊ ညထမင်းစားမည့်အချိန်တွင် ထမင်းကိုမစားဘဲ သခွားသီးကိုခြစ်ပြီး ပုဇွန် သို့မဟုတ် ငါးပြုတ်၊ သံပရာသီး၊ ငရုတ်သီးစိမ်း၊ ငရုတ်ကောင်း၊ ပင်စိမ်းရွက်တို့ကို မိမိစိတ်ကြိုက်အရသာထည့်၍သုပ်ပြီး ထမင်းလွတ် ၁ ရက်ခြား၊ ၂ ရက်ခြား တစ်ပတ်လျှင် ၃ ကြိမ်ခန့်စားပေးပါက ခန္ဓာကိုယ်ရှိ အဆီပိုများကျဆင်းပြီး ကိုယ်တွင်းမှ အညစ်အကြေးများကင်းစင်၍ ခန္ဓာကိုယ်ရနံ့ဆိုးများပျောက်ကင်းပြီး ပေါ့ပါးလန်းဆန်းစေပါသည်။

တစ်ခုသတိပြုရန်မှာ သခွားသီးကို ထမင်းအလွတ်သုပ်စားပါက ငရုတ်ကောင်းကို ၁၄/၁၅လုံးခန့်ထည့်၍ သုပ်စား ပေးလျှင် ဗိုက်နာ၊ ဝမ်းပျက်၊ ဗိုက်ရစ်ခြင်းတို့ မဖြစ်ပေါ်စေပါ။ ငရုတ်ကောင်းမထည့်လျှင် အထက်ပါ Side Effect ဖြစ်စေပါသည်။

သခွားသီးတွင်ပါဝင်သော ဗီတာမင်အေ၊ ဘီ၊ စီနှင့် ပိုတက်စီယမ်ဓာတ်ရာနှုန်းများစွာကြောင့် သခွားသီးဖျော်ရည်ကို ဆီးချိုမရှိသူများဆိုလျှင် သကြား သို့မဟုတ် ပျားရည်၊ ဆားမန်ကျည်းတစ်စေ့ခန့်ဖြင့်ဖျော်၍ နံနက်၊ ည ပုံမှန် သောက်သုံးပေးပါက ခန္ဓာကိုယ်တွင်းဓာတ်မတည့်မှု၊ Allergy ကို ဓာတ်ပြယ်စေပြီး ခန္ဓာကိုယ်အတွက် လွန်စွာ အကျိုးပြုသည့် ဆေးဖက်ဝင်ဖျော်ရည်ဖြစ်သည်။

ဝမ်းချုပ်ခြင်း၊ ဆီးပူ၊ ဆီးနည်းခြင်းကို အမြဲခံစားနေရသူများ ညအိပ်ရာမဝင်မီ တစ်နာရီခန့်အလို၌ ကိုင်းသခွားတစ်လုံးကို ထန်းလျက်နှစ်ခဲနှင့်စားလျှင် သက်သာပျောက်ကင်းစေသည်။ ညစဉ် တစ်ပတ် နှစ်ပတ်ခန့် စွဲမြဲစွာ စားပေးပါ။

သခွားသီးတွင် အက်ဆစ်ဓာတ်ကိုပြေစေသည့် သတ္တိရာခိုင်နှုန်းများစွာ ၆၄.ဝ၅ ခန့်ပါဝင်နေသောကြောင့် အယ်လ်ကာလီ Alkali ဂုဏ်သတ္တိမြင့်မားခြင်းကြောင့် သခွားသီးကို မုန်လာဥနီ သို့မဟုတ် အာလူးတို့နှင့် ရောမွှေ၍ ဖျော်ရည်လုပ်ပြီး သောက်သုံးလျှင် အဆစ်များနီရဲ၍ နာခြင်း၊ ရောင်ခြင်းနှင့် ဂေါက်ရောဂါကို သက်သာစေပါသည်။

ယမကာလုလင်များ နံနက်အိပ်ရာထ အရက်နာကျပြီး ဇက်ကျိုး ခေါင်းမထူနိုင်လျှင် သခွားသီးကို ပျားရည်နှင့် ဖျော်ရည်လုပ်၍ သောက်သုံးပါက နေကောင်းသွားပါမည်။

သခွားသီး၏ သတ္တိထူးတစ်ခုမှာ နောက်ဆုံးသုတေသနတွေ့ရှိချက်များအရ သခွားသီးတွင် ကင်ဆာရောဂါကို တွန်းလှန်ပေးနိုင်သည့် Secoisolariciresinol, Lariciresinol နှင့် Pinoresinol ဒြပ်ပေါင်းများ ပါဝင်နေခြင်းကြောင့် ကင်ဆာရောဂါဆိုးများဖြစ်သော ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာရောဂါများကို သက်သာစေနိုင်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံစုံမှထုတ်လုပ်သော အသားအရေထိန်း၊ အစိုဓာတ်ထိန်းညှိပေးသည့် အလှအပဆိုင်ရာပစ္စည်း တော်တော်များများတွင် သခွားသီးကို အခြေခံ၍ထုတ်လုပ်နေကြပေသည်။

အလှအပရေးရာနှင့် ကျန်းမာရေးအထောက်အကူပြု သခွားသီးသည် ဆေးဖက်ဝင်သကဲ့သို့ အာဟာရလည်း ဖြစ်စေကြောင်း ရေးသားလိုက်ရပေသည်။

ရွှေနန်းစံ

Health Care

LEAVE A REPLY

Please enter your comment!
Please enter your name here