၁။ မင်္ဂလာပါဆရာ။ ကျွန်မအသက်က ၄၅ နှစ်ပါ။ အရင်ကိုယ်ဝန် ၂ ခါ ပျက်ဖူးပါတယ်။ အိမ်ထောင်သက် ၉ နှစ် ပါဆရာ။ အခုမှ တတိယအကြိမ် ကိုယ်ဝန်ပြန်ရပါတယ်။ ၄ ပတ်ကျော်နေပါပြီ။ ကျွန်မတို့က ကလေး အရမ်းလို ချင်တော့ OG ပြပါတယ်။ ကိုယ်ဝန်ခိုင်အောင် သောက်ဆေး တစ်လပေးလိုက်ပါတယ်။ ဒါပေမဲ့ ဆရာဝန်က ဒီအရွယ်မွေးရင် ဉာဏ်ရည်မမီတဲ့ကလေးပဲ ရမယ်လို့ ပြောပါတယ်။ ကျွန်မတို့နှစ်ယောက်လုံး တော်တော်စိတ်မ ကောင်းဖြစ်နေပါတယ်။ ဉာဏ်ရည်မီတဲ့ကလေးမျိုးမွေးအောင် ဘာတွေလုပ်ရလဲဆရာ။ ဘယ်လိုနေထိုင်သင့် သလဲဆိုတာ ကျေးဇူးကြီးစွာဖြင့် ပြန်လည်ဖြေကြားပေးပါနော်။ ဆရာကျန်းမာပါစေ။

၂။ ကျွန်မအသက်က (၃၁)ထဲမှာပါ။ ပထမကလေးက အသက် (၂၉) နှစ်မှာ မွေးထားပါတယ်။ ကလေး (၃) နှစ် လောက်မှာ နောက်တစ်ယောက်ထပ်ယူဖို့စဉ်းစားထားပါတယ်။ ကျွန်မသိချင်တာ မိခင်အသက်အရွယ်ဟာ ကိုယ်ဝန်ဆောင်တဲ့အခါ ကလေးဉာဏ်ရည်ဉာဏ်သွေးတို့ ကြီးထွားဖွံ့ဖြိုးမှုတို့ကို ကောင်းကျိုးဆိုးကျိုး ဘယ်လို သက်ရောက်မှု ရှိပါလဲရှင့်။ ကျေးဇူးပြုပြီး အမြန်ဆုံး ဖြေကြားပေးစေလိုပါတယ်ရှင့်။

၃။ ကျမအသက်က အခု (၄၃) နှစ်ပါ။ ခက်တာက လက်ထပ်မယ့်သူက ခုအသက် (၅ဝ) ရှိပါပြီ။ သူကသူ့မှာ မျိုးဆက်မရှိတဲ့အတွက် ကျမနဲ့ ကလေးတယောက် ယူချင်ပါတယ်။ ကျမကတော့ အသက် (၄ဝ) ကျော်နေပြီ ဖြစ်လို့ မယူချင်ဘူး။ ကျမကြောက်တာက ဉာဏ်ရည်မပြည့်တဲ့ကလေးတွေမွေးမှာကို ကြောက်တယ်။ နှစ်ယောက်လုံးလဲ အသက်ကြီးနေကြပြီ။ တကယ် ကလေးယူဖြစ်ရင်လဲ ကျမအသက် (၄၄)ကျော်မှ မွေးနိုင်မယ် လေ။ အဲဒါ ဖြစ်နိုင်-မဖြစ်နိုင် ဆရာ့ဆီမှာ မေးကြည့်တာပါ။ ကျမက တနှစ်တခါ ကျန်းမာရေးစစ်တဲ့အတွက် သွေးတိုး၊ ဆီချို၊ နှလုံး ဘာရောဂါမှမရှိပါဘူး။ တကယ်လို့ယူဖြစ်ရင်လဲ ဘာတွေဆိုးကျိုးဖြစ်လာနိုင်တယ်ဆိုတာ သိချင်ပါတယ်။

ကလေးမှာ ဉာဏ်ရည်မမီတာက မိဘတွေ အသက်အရွယ်ကြီးမှ မွေးတာကြောင့် ဖြစ်တယ်ဆိုတာ ရှားလို့ သိပ်အစိုးရိမ်ကြီးစရာမလိုပါဘူး။ သတိထားတာတော့ ကောင်းပါတယ်။ မွေးရာပါ ချို့ယွင်းနေတဲ့ ကလေးမွေး လာတာက ပတ်ဝန်းကျင်နဲ့ မျိုးဗီဇကို လွှဲချနိုင်ပါတယ်။ ရှာလို့ရတဲ့ အကြောင်းခံတွေထဲမှာ သန္ခေစရှိကာစမှာ ပဋိဇီဝဆေးသုံးတာ(ဥပမာ Salfonamide နဲ့ Nitrofurantoin)၊ ကိုယ်ဝန်ဆောင်နေစဉ် တချို့ရောဂါပိုးဝင်တာ၊ အာဟာရချို့တဲ့တာ (ဥပမာ Iodine, Vitamin A, Vitamin A B 2, Vitamin C, Vitamin E နည်းတာ)၊ ဓါတ်ဆီ အဆိပ်သင့်တာ၊ Fusarium mycotoxin zearalenone အဆိပ်သင့်တာတွေပါတယ်။ သတိပြုဖို့ကောင်းတာက ဒီအထဲမှာ မိဘအသက်ကြီးလို့ကြောင့်ဆိုတာ မပါတာတွေ့ရပါလိမ့်မယ်။ ဒါတောင် ၆ဝ ရာခိုင်နှုန်းလောက်က ဘာလို့ဖြစ်လဲမသိရပါ။ အဲဒါ ကျွန်တော်တို့လူမျိုးတွေ ထင်မှတ်လက်ခံတဲ့ ကံတရားအရ ဖြစ်တာပေါ့။

ခုခေတ်မှာ အသက်ငယ်ငယ်လေးတွေရော ကြီးသူတွေပါ ကိုယ်ဝန်ရသူ တိုးလာနေတယ်။ ၂ဝဝ၆ ခုနှစ်က အင်္ဂလန်နဲ့ ဝေးလ်စ်မှာစစ်တော့ အသက် ၃ဝ ကျော် ကိုယ်ဝန်ဆောင် (၄၈)ရာခိုင်နှုန်း ရှိတယ်။ ၁၉၈၆ တုန်းက (၂၈) ရာခိုင်နှုန်းသာ ရှိရာကနေ တိုးလာတာပါ။ အသက် (၃၅-၃၉) အုပ်စုကလဲ တိုးလာတယ်။ အသက် (၄ဝ) ကျော်က အနှစ်နှစ်ဆယ် အတွင်းမှာ (၁.၁) ရာခိုင်နှုန်းကနေ (၃.၅)ရာခိုင်နှုန်းဖြစ်လာလို့ နှစ်ဆတိုးလာတယ်။

အသက် (၃၅) နှစ်ကျော်မှာ ကိုယ်ဝန်ဆောင်တာ လုံးဝမစိုးရိမ်ပါနဲ့လို့တော့ မပြောပါ။ (၃ဝ)ကျော်တာနဲ့ ကလေးရနိုင်တဲ့ အခွင့်အလမ်းက စနည်းလာတယ်။ (၃၅-၃၉) ကြားအမျိုးသမီးတွေမှာ ကလေးရဖို့ (၂ဝ) ရာခိုင်နှုန်း အခွင့်အလမ်းမရှိတာ တွေ့ရတယ်။ အရင်ကတော့ အသက်ကြီးကိုယ်ဝန်ဆောင်ဆိုတာ ကလေးတွေ အများကြီးမွေးထားပြီးတဲ့သူကို ပြောကြတာဖြစ်ပြီး အခုခေတ်မှာတော့ အသက်သာ နည်းနည်းကြီးပေမယ့် ကလေးမွေးမများသေးသူတွေ ဖြစ်လာတယ်။ အမှန်က ကလေးများများမွေးသူတွေသာ အခက်အခဲတွေ ပိုကြုံရ လေ့ရှိတာပါ။ ခေတ်အမျိုးသမီးတွေဟာ ဗဟုသုတရော အာဟာရပါ ပိုပြည့်ဝကြံ့ခိုင်နေတာ များလာတယ်။

အရွယ်ရလာသူတွေဟာ သူ့တို့ကိုယ်ခန္ခာကိုပိုသိကြတယ်။ ဖြစ်လာမှာကို ခံနိုင်ရည်ပိုရှိကြတယ်။ ပိုလွတ်လပ်မှု ရှိတယ်။ အမှီခိုနည်းတတ်ကြတယ်။ အသက်ပိုရလာလို့ သွေးတိုး၊ ဆီးချိုစတာတွေမရှိဖို့သာ အရေးကြီးတာပါ။ တခုရှိတာက မွေးလာမယ့်ကလေးမှာ တစုံတခုချို့ယွင်းတာမျိုးက ငယ်သူတွေထက်တော့ ပိုဖြစ်နိုင်တယ်။ အသက် (၃၅-၃၉) အတွင်း အမျိုးသမီး(၅ဝဝ) မှာ ၁ ယောက်၊ (၄ဝ-၄၅) အတွင်းက (၂၅ဝ) မှာ ၁ ယောက် ဖြစ်နိုင်ပြီး (၄၅) နှစ်ကျော်ရင် (၇ဝ)မှာ ၁ ယောက်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ဒါ့ကြောင့် Maternal serum screenig နဲ့ တခြား စမ်းသပ်မှုတွေဖြစ်တဲ့ Chorionic villus sampling ဒါမှမဟုတ် Amino Centesis နည်းတွေနဲ့ စစ်ဆေးကြည့်နိုင်တယ်။ သူများနိုင်ငံတွေမှာ အဲ့လိုစစ်လို့ ကြိုသိရရင် ကိုယ်ဝန်ကို ရပ်ပစ်နိုင်တယ်။

အသက် (၄ဝ)ကျော်မှာ ကိုယ်ဝန်ဆောင်ရင် ကလေးအသေမွေးနှုန်းများတတ်တာကြောင့် သူတို့ကို တခြား ကိုယ်ဝန်တွေထက် မမွေးမီစောင့်ရှောက်ခြင်း ပိုလုပ်ပေးရလိမ့်မယ်။ ဒါတွေကလွဲရင် ကလေးတွေအားလုံး ကျန်းမာကြပါတယ်။ အသက်ကြီးသူတွေ ကလေးမွေးတဲ့အခါမှာ သာမန်ထက်ပိုဂရုစိုက်ဖို့ လိုပါတယ်။ ခါးထုံဆေးနဲ့ မွေးပေးခြင်း၊ Oxytocin ညှစ်အားကောင်း ဆေးသွင်းမွေးခြင်း၊ ညှပ်ဆွဲ မွေးပေးခြင်း၊ ဗိုက်ခွဲမွေး ပေးခြင်း စတဲ့နည်းလမ်းတွေကို လိုအပ်ရင် ကူညီလုပ်ဆောင်ပေးရပါမယ်။ အမှန်တော့ ဆရာဝန်တွေက Risk မယူချင်ကြတာလည်း ပါနေတာပါ။ ဒါပေမယ့် မိခင်လောင်းရော ဆရာဝန်၊ ဆရာမတွေပါ Stress မများသင့်ဘဲ သိပ်အစိုးရိမ်လည်း မကြီးသင့်ကြဘူး။

အသက်ကြီးမိခင်တွေကနေ မွေးတဲ့ကလေးမှာ Autism ဆိုတဲ့ မွေးရာပါချို့ယွင်းရောဂါရှိတတ်တာများပြီး အသက်ကြီးဖခင်နဲ့ ဇနီးဟာ အသက် (၃ဝ) ကျော်ကွာနေရင် မွေးလာတဲ့ကလေးတွေမှာ ချို့ယွင်းချက်ရှိတာ တခြားစုံတွဲတွေထက်ပိုတယ်လို့ လေ့လာမှုတွေကပြောပါတယ်။ သူများတွေထက်ပိုတယ်ဆိုတာ အဲ့လိုပဲ မလွဲမသွေမွေးမယ်လို့ ပြောတာမဟုတ်ပါ။ Autism ကလေးမွေးတာက မိခင်အသက်မရွေးမှာ ဖြစ်နိုင်တယ်။ ဖခင်အသက်ကြီးတာကလည်း အဓိက အကြောင်းရင်းတခု ဖြစ်နိုင်တယ်။ အစ္စရေးလ်မှာလုပ်တဲ့ လေ့လာချက် မှာ အသက် (၃ဝ)အောက် ဖခင်တွေထက် အသက်(၄ဝ)ကျော် ဖခင်တွေမှာ ငါးဆပိုဖြစ်နိုင်တာ တွေ့ရတယ်။ မိခင်တွေကိုပဲ ပိုပြီးထောက်မပြကြဖို့ သတိပေးချက်တခု ဖြစ်ပါတယ်။ ရုပ်ရှင်မင်းသား တိုနီရန်းဒဲလ်ရဲ့ ပထမဆုံး ကလေးကို သူ့အသက် (၇၇) နှစ်မှာရတယ်။ လယ်ရီကင်းခေါ် CNN နာမည်ကြီး ပင်တိုင်ထုတ်လွှင့်သူဟာ သူ့ရဲ့ သတ္တမမြောက်ဇနီးနဲ့ ကလေးမွေးတော့ သူ့အသက်က (၆၆) နှစ်ရှိနေပြီ။ နာမည်ကြီးရှေ့နေ အဲလိဇဗက် အက်ဒ်ဝပ်ဟာဆိုရင်လည်း အသက် (၅ဝ) မှာ ကလေးမွေးခဲ့တာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

Health Care