၁။ မင်္ဂလာပါဆရာ။ ယောက်ျားလေးပါ။ အသက် ၄၈ နှစ်၊ အိမ်ထောင်ရှိ။ C ပိုးသေဆေးသောက်ပြီး ပျောက်ကင်းပြီးသားပါ။ C ပိုးရှိနေတဲ့ အိမ်ထောင်ဖက်နဲ့ အကာကွယ်မဲ့လိင်ဆက်ဆံလျှင် ကျွန်တော့်ကို C ပိုး ပြန်လည်ကူးစက်နိုင်ပါသလားခင်ဗျား။

၂။ ကျွန်မယောက္ခမပါ။ အသက်က ၅၂ ရှိပါပြီ။ AIDS က လွန်ခဲ့တဲ့ဆယ်နှစ်ထဲက ရှိပါတယ်။ ပြီးခဲ့တဲ့ငါးလ လောက်က အသည်းခြောက်ပြီး C ပိုးဖြစ်နေတယ်လို့ သိရပါတယ်။ ဝမ်းလဲခဏခဏလျှောပါတယ်။ ပြီးခဲ့တဲ့လက သွေးအန်ပြီး သွေးဝမ်းတွေသွားလို့ ဆေးရုံတင်လိုက်ပါတယ်။ ဆရာဝန်ကတော့ အသည်းတော်တော်ခြောက်နေ ပြီလို့ ပြောတယ်ရှင့်။ လူကတော့ ပိန်တာလေးဖြစ်နေပါပြီ။ ကျွန်မက ကလေးရှိတော့ ဘယ်လိုကူးစက်တတ်လဲ သိချင်လို့ပါရှင့်။

၃။ ဆရာရှင့် ဦးလေးက စီပိုးရှိပြီး၊ အဖွားကဘီပိုးဖြစ်နေလို့ပါရှင့်။ အတူနေသူတွေပါ ကူးလားလို့ သိချင်လို့ပါ။

၄။ ဆရာရှင့် မိသားစုဝင်ထဲမှာ C ပိုးရှိတဲ့သူရှိပါတယ်။ ဘယ်လိုအခြေနေမျိုးမှာ ကူးစက်နိုင်လဲရှင့်။ ချွေးကနေရော C ပိုး ကူးစက်နိုင်လားရှင့်။

စီပိုးကာကွယ်ဆေးမရှိသေးပါ။ သွေးမစစ်ဘဲ သွင်းတာ၊ သွေး-သွေးချင်းထိတာ၊ ဆေးထိုးအပ် သီးခြားမသုံးတာ၊ နားကပ်လဲဝတ်တာ၊ မုတ်ဆိပ်ရိတ်ဓါး၊ သွား တိုက်တံ၊ လက်သည်းညှပ်တွဲသုံးတာ၊ တက်တူးထိုးတာ၊ ဟိုနေရာ ဒီနေရာ ကွင်းတပ်တာတွေကနေ ကူးနိုင်တာဖြစ်တယ်။

လိင်ဆက်ဆံရာကနေ မကူးစက်ပါဘူးလို့ မပြောနိုင်ပါ။ ဖြစ်နိုင်ခြေကမများပါ။ သုတေသနတွေ လုပ်နေဆဲဖြစ်ပါ တယ်။ (၁) လိင်ဆက်ဆံဖက်များသူတွေ၊ (၂) ဆက်ဆံဖက်မှာ တခြားလိင်ကတဆင့် ကူးစက်ရောဂါတခုခုရှိနေ ရင်၊ (၃) လိင်ဆက်ဆံတာ ကြမ်းတမ်းရင်၊ ကူးစက်ဖို့ အခွင့်အလမ်းပိုမယ်။

မူးယစ်ဆေးသုံးစွဲသူတွေ၊ သွေးနဲ့ သွေးထဲကပစ္စည်းသွင်းနေရသူတွေ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းလှူတာ လက်ခံရ သူတွေ၊ ကျောက် ကပ်ဆေးနေရသူတွေ၊ ဆေးရုံ-ဆေးခန်းမှာ အလုပ်လုပ်နေရသူတွေ၊ HIV ပိုးရှိနေသူတွေ ကူးစက် နိုင်တယ်။

စီပိုးရှိတဲ့အမေကနေ ကလေးကို (၄-၅) ရာခိုင်နှုန်းလောက်သာ ကူးစေနိုင်ပါတယ်။ အဖေမှာ စီပိုးရှိနေပေမယ့် သူ့ကလေးကို သွေးမထိမချင်းမကူးဘူး။ လိင်လမ်းက နေကူးတာကလဲ HIV နဲ့ B တို့ လောက်မဟုတ်ပြန်ဘူး။ တစ်လင်တစ်မယား လိင်ကနေကူးတယ်ဆိုတာ ရှားပါတယ်။ စီပိုးရှိနေတဲ့ မိခင်ရဲ့ကလေးတွေမှာ ကူးနိုင်တဲ့ အခွင့်အလမ်းတွေ ပွင့်နေတယ်။ ပိုးရှိတဲ့အမေက နို့တိုက်တာနဲ့ မကူးပါ။ ရာသီသွေးကတော့ ကူးနိုင်တယ်။

စီပိုးရှိနေသူချက်ပြုတ်တာစားမိလို့ မကူးပါ။ လက်တွဲလျှောက်တာ၊ နှာချေ၊ ချောင်းဆိုး၊ တအိမ်တည်း အတူနေ တာနဲ့လဲ မကူးဘူး။ ချွေး၊ သွားရည်၊ မျက်ရည်တွေကနေ မကူးပါ။ တအိမ်ထဲအတူနေသူတွေ ကူးစက်နိုင်ပါ တယ်။ အဖြစ်များတာ မတွေ့ရသေးပါ။ ကူးမယ်ဆိုတာလဲ သွေးကနေဝင်လို့သာ ဖြစ်ပါမယ်။ ပန်းကန်၊ ဇွန်း၊ ဖန်ခွက်၊ အိုးခွက် အတူသုံးလို့ မကူးပါ။ ရင်ချင်းအပ်-ပါးချင်းကပ်-လက်ဆွဲ နှုတ်ဆက်တာတွေကနေ မကူးပါ။ အသာအယာ နှုတ်ခမ်းချင်းစုပ်တာနဲ့လဲ မကူးပါ။ ရေအတူသောက်လဲ မကူးပါ။ ခြင်နဲ့ အင်းဆက်ပိုးတွေကနေ ကူးစက်တာမတွေ့သေးပါ။

စီပိုးရှိနေသူဟာ သွေးမလှူရပါ။ အင်္ဂါအစိတ်အပိုင်းမလှူရပါ၊ သုတ်ပိုးမလှူရပါ။

ပိုးရှိနေရင် ဘာဖြစ်လာနိုင်သလဲ

  • သွေးစစ်လို့ စီပိုးတွေ့ပေမယ့် (၇ဝ-၈ဝ) ရာခိုင်နှုန်းမှာ ဘာမှမခံစားရသလိုရှိနေမယ်။ ခံစားရသူတွေမှာလဲ ဆိုးတာမပါဘူး။ ကိုယ်ပူ၊ အားယုတ်၊ အစားပျက်၊ ပျို့ချင်၊ အန်ချင်၊ ဗိုက်နာ၊ ဆီးအရောင်ရင့်၊ ဝမ်းအရောင်ပျော့၊ အဆစ်နာ၊ ဆီး-အသားအရေ-မျက်လုံးဝါ၊ ရက်တိုရောဂါလက္ခဏာတွေဟာ ကူးစက်ပိုးဝင်လာခဲ့တဲ့ နောက် (၆-၇) ပတ်အကြာမှာ ဖြစ်တယ်။ တချို့မှာ ၂ ပတ်ကနေ ၆ လလဲ ကြာနိုင်တယ်။
  • သူတို့အထဲက (၆ဝ-၈၅ ရာခိုင်နှုန်း)က နာတာရှည်ဖြစ်လာရင်လဲ ရောဂါလက္ခဏာတွေဟာ ရှိသူတွေမှာသာ ရှိမယ်။ အသည်းပျက်စီးစပြုလာမယ်။ နှစ်တွေကြာမှလဲ ဖြစ်နိုင်တယ်။
  • နာတာရှည်အသည်းရောင်တာဆိုတာ ဆိုးဝါးတဲ့ရောဂါတခုဖြစ်တယ်။
  • (၅-၂ဝ ရာခိုင်နှုန်း) ဟာ အနှစ်(၂ဝ-၃ဝ)အတွင်း အသည်းခြောက်တာ ဖြစ်လာနိုင်တယ်။
  • (၁-၅ ရာခိုင်နှုန်း) ဟာ အသည်းခြောက်တာ ဒါမှမဟုတ် အသည်းကင်ဆာကြောင့် သေဆုံးနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Health Care