အေးဒီးစ်ခြင်ကျားသည် သွေးလွန်တုပ်ကွေး၊ ဇီကာနှင့် ချီကန်ဂန်းညာရောဂါ (ဆင်တုပ်ကွေး) ဖြစ်စေနိုင်သော ဗိုင်းရပ်စ်ရောဂါပိုးများကို သယ်ဆောင်ကူးစက်စေပါသည်။ အေးဒီးစ်ခြင်လောက်လန်းတစ်ကောင်မှ ခြင်ကောင် ရေထောင်ချီ၍ ပေါက်ပွားနိုင်ပါသည်။ ထို့ကြောင့် ခြင်ကောင်ဖြစ်မှ နှိမ်နင်းခြင်းထက် ပိုးလောက်လန်းဘဝတွင် နှိမ်နင်းခြင်းဖြင့် အေးဒီးစ်ခြင်ကျားကြောင့်ဖြစ်သောရောဂါများကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်ပါသည်။

(၁) အေးဒီးစ်ခြင်ကျား

အေးဒီးစ်ခြင်ကျားသည် ငြိမ်နေသော ရေကြည်ရေသန့်တွင် ပေါက်ပါသည်။ ခြင်၏ ပျမ်းမျှသက်တမ်း တစ်လခွဲ ခန့်ရှိပါသည်။ ခြင်ဘဝရောက်ပြီး (၁)ရက်အတွင်း အိမ်ထောင်ကျပါသည်။ (၂)ရက် (၃)ရက်တစ်ကြိမ် ဥများဥပါ သည်။ တစ်ကြိမ်ဥလျှင် ဥ (၅ဝ မှ ၃ဝဝ) ထိ ဥနိုင်ပါသည်။ ခြင်ဥမှခြင်ဖြစ်လျှင် (၇)ရက်ခန့်ကြာတတ်ပါသည်။ တစ်ကြိမ်ကိုက်လျှင် လူ (၅) ယောက်မှ (၂ဝ) ခန့်ထိ ဆက်တိုက်ကိုက်တတ်ပြီး ရောဂါကူးစက်စေပါသည်။ မှောင်သောနေရာများတွင် ပုန်းအောင်းလေ့ရှိပြီး နေထွက်ချိန်မှ နေဝင်ချိန်ထိ ကိုက်လေ့ရှိပါသည်။

(၂) အေးဒီးစ်ခြင်ကျား ပေါက်လေ့ရှိသောနေရာများ

အေးဒီးစ်ခြင်ကျားသည် ရေကြည်ရေသန့်တွင် ပေါက်ပါသည်။ (၇)ရက်ထက်ပို၍ ရေလှောင်ထားသော (သို့မဟုတ်) ရေတင်ကျန်သော အိုး၊ ခွက်၊ ရေစည်၊ အုတ်ကန် စသည့်အရာအားလုံးတွင် ပေါက်တတ်ပါသည်။

လူအများစွန့်ပစ်ထားသည့် တာယာအဟောင်း၊ ဘက်ထရီအိုး၊ ပလပ်စတစ်ခွက်၊ အချိုရည်ဗူးခွံ၊ အုန်းမှုတ်ခွက် များ၊ အမှိုက်များဖြင့် ပိတ်နေသော ရေတံလျှောက်များ၊ သဘာဝအလျောက် မိုးရေတင်ကျန်လေ့ရှိသော သစ်ပင် အခေါင်း၊ အုန်းလက်၊ ငှက်ပျောလက်များအကြား၊ ဝါးဆစ်၊ ဝါးပင်အငုတ်နှင့် ရေတစ်ဇွန်းစာမျှ ရေတင်ကျန်နေ သောနေရာများတွင် အေးဒီးစ်ခြင်ကျား ပေါက်နိုင်ပါသည်။

(၃) သွေးလွန်တုပ်ကွေးရောဂါ

သွေးလွန်တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွား၍ အေးဒီးစ်ခြင်ကျားကိုက်ခြင်း ဖြင့်ကူးစက်ပါသည်။ အသက် (၁၅) နှစ်အောက် ကလေးများ၊ အထူးသဖြင့် (၅)နှစ်မှ (၉)နှစ်အရွယ်တွင် အများဆုံးဖြစ်များပြီး လူကြီး များတွင်လည်း ဖြစ်တတ်ပါသည်။ တစ်နှစ်ပတ်လုံး ကူးစက်နိုင်ပြီး မိုးရာသီတွင် အများဆုံးဖြစ်ပွားပါသည်။

သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများမှာ (၂)ရက်မှ (၇) ရက်ခန့် အပြင်းဖျားခြင်း၊ ပျို့၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ ကိုယ်ပေါ်တွင် အနီစက်များထွက်ခြင်း၊ ဖျားနေစဉ် (၃)ရက်မှ (၅)ရက်အတွင်း သွေးလန့်သည့်လက္ခဏာများ ဖြစ်ပေါ်ပြီး အသက်အန္တရာယ်ရှိနိုင်ပါသည်။

ဖျားရာမှ ရုတ်တရက်အဖျားကျကာ ခြေဖျား၊ လက်ဖျားအေးစက်လာခြင်း၊ အဖျားကျသော်လည်း မှိန်းခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း၊ ဗိုက်နာခြင်း၊ အသည်းကြီးခြင်း၊ မကြာခဏအော့အန်ခြင်း၊ အန်သည့်အခါ အညိုရောင် အဖတ်အမျှင်လေးများပါလာခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ ကတ္တရာစေးရောင်ဝမ်းမည်းမည်းသွားခြင်း စသည့် သွေးလန့်သည့်လက္ခဏာတစ်ခုခုတွေ့ပါ က ဆေးရုံသို့ အမြန်ဆုံးပို့ဆောင် ကုသရပါမည်။

သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများရှိပါက အိမ်တွင်ပြုစုကုသခြင်း ဆောင်ရွက်နိုင်ပါသည်။ ဓာတ်ဆားရည်၊ ဖျော်ရည်အမျိုးမျိုး၊ ဟောလစ်၊ စွပ်ပြုတ် စသည့်အရည်များကို ဂရုစိုက်၍ များများတိုက်ရပါမည်။ အညိုရောင် ရှိသောအရည်များကို မတိုက်ရပါ။ အဖျားကြီးလွန်းပါက ရေပတ်တိုက်နိုင်ပါသည်။ ပါရာစီတမောဆေးကို အသက်အရွယ်အလိုက် ဆေးညွှန်းပမာဏအတိုင်း (၆) နာရီခြားတိုက်ရပါမည်။ ဗမာဆေး၊ အက်စ်ပရင်၊ ဗော်လ်ထရမ် စသည်တို့သည် သွေးထွက်မှု၊ သွေးလန့်မှုဖြစ်စေသောကြောင့် ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းနှင့် စအိုထဲသို့ထည့်ခြင်းတို့ကို ရှောင်ကြဉ်ရပါမည်။

အဖျားကြီးလွန်းခြင်း၊ မှိန်းလွန်းခြင်း၊ အစားအသောက်၊ အရည်မဝင်ခြင်းတို့ဖြစ်ပါက နီးစပ်ရာ ကျန်းမာရေး ဝန်ထမ်းထံ ပြန်ပြရပါမည်။ သွေးလွန်တုပ်ကွေးရောဂါကို ကုသပျောက်ကင်းနိုင်သည့် ဆေးဝါးများ မရှိသေးပါ။ ကာကွယ်ဆေးများရှိသော်လည်း မြန်မာနိုင်ငံနှင့် ကိုက်ညီမှုမရှိသေး၍ အသုံးမပြုနိုင်သေးပါ။ စောစီးစွာ စနစ်တကျကုသပါက ရောဂါလက္ခဏာများသက်သာပြီး သေဆုံးမှုလျှော့ချနိုင် မည်ဖြစ်ပါသည်။

မိမိတို့ရပ်ရွာနှင့် ကျောင်းများတွင် ဖျားနာလူနာ (သို့မဟုတ်) သွေးလွန်တုပ်ကွေးသံသယလူနာများရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ရပါမည်။

(၄) ဇီကာဗိုင်းရပ်စ်ရောဂါ

အေးဒီးစ်ခြင်ကျားကိုက်ခံရပြီး ရက်အနည်းငယ်အကြာတွင် ဇီကာဗိုင်းရပ်စ်ရောဂါလက္ခဏာများ စတင်ဖြစ်ပွား နိုင်ပါသည်။ အများဆုံးတွေ့ရှိရသော ရောဂါလက္ခဏာများမှာ ရုတ်တရက်ဖျားခြင်း၊ အရေပြားတွင် အနီရောင် အကွက် (သို့မဟုတ်) အစက်များထွက်ခြင်း၊ မျက်သားနီ၍ရောင်ယမ်းခြင်း၊ ကြွက်သားနှင့်အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း စသည်တို့ဖြစ်ပြီး ရောဂါလက္ခဏာများအား (၂)ရက်မှ (၇)ရက်အထိ ခံစားရနိုင်ပါသည်။

ဇီကာဗိုင်းရပ်စ်ရောဂါဖြစ်ပွားလျှင် နောက်ဆက်တွဲဆိုးကျိုးများ ခံစားရတတ်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်များ တွင် ဦးခေါင်းသေးငယ်သော ကလေးများမွေးဖွားလာခြင်း (Microcephaly) မျိုး ဖြစ်နိုင်ပါသည်။

ဇီကာဗိုင်းရပ်(စ်)ရောဂါတွင် ကာကွယ်ဆေးမရှိသေးပါ။ ရောဂါလက္ခဏာများ သက်သာစေရန်အတွက်သာ ကုသ ပေးနိုင်ပါသည်။ ရောဂါဖြစ်ပွားလာပါက လူနာအနေဖြင့် ကောင်းစွာအနားယူရပါမည်။ ရေနှင့် လတ်ဆတ်သော သစ်သီးဖျော်ရည်များကို လုံလောက်စွာသောက်သုံးရပါမည်။

ဖျားခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်းအတွင် ပါရာစီတမောဆေးကိုသာ အညွှန်းအတိုင်းသောက် သုံးရပါ မည်။ အခြားအကိုက်အခဲပျောက်ဆေးများနှင့် ဆေးမြီးတိုများကို ရှောင်ကြဉ်ရပါမည်။ ဇီကာဗိုင်းရပ်(စ်)ရောဂါ သည်  ပြင်းထန်သောရောဂါလက္ခဏာများ ဖြစ်ပွားလေ့မရှိပါ။ သို့ရာတွင် သွေးလွန်တုပ်ကွေးရောဂါလက္ခဏာ များနှင့် ဆင်တူသောကြောင့် ဇီကာဗိုင်းရပ်(စ်)ရောဂါလက္ခဏာများဖြစ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ပြသ၍ ကုသမှုခံယူရန် လိုအပ်ပါသည်။

(၅) ချီကန်ဂန်ညာ (ဆင်တုပ်ကွေး)ရောဂါ

ချီကန်ဂန်ညာရောဂါကို ဆင်တုပ်ကွေး (သို့မဟုတ်) ဂျပန်တုပ်ကွေးဟူ၍ သိရှိကြပါသည်။ အိမ်လုံးကျွတ်၊ ရွာလုံး ကျွတ် ဖြစ်တတ်ပါသည်။ ရောဂါလက္ခဏာများမှာ အပူချိန် ၁ဝ၄ ဒီဂရီဖာရင်ဟိုက်ထိဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်အဆစ်အမြစ် ကိုက်ခဲရောင်ယမ်းရာတွင် လနှင့်ချီ၍ကြာတတ်ခြင်း၊ အနီပိမ့်၊ အနီကွက်များထွက်ခြင်း နှင့် အကျိတ်ထွက်ခြင်းတို့ဖြစ်ပါသည်။

ချီကန်ဂန်ညာရောဂါသည် ကာကွယ်ဆေးမရှိသေးပါ။ ရောဂါလက္ခဏာသက်သာအောင်သာ ကုသပေးနိုင်ပါ သည်။

(၆) အေးဒီးစ်ခြင်ကျားကြောင့်ဖြစ်သောရောဂါများမှ ကာကွယ်ရန်နည်းလမ်းများ

သွေးလွန်တုပ်ကွေးရောဂါ၊ ဇီကာဗိုင်းရပ်(စ်)ရောဂါနှင့် ချီကန်ဂန်ညာရောဂါကင်းဝေးရေးအတွက် ခြင်လောက် လန်းများကို တစ်ကောင်မကျန်နှိမ်နင်းရပါမည်။ ရေစည်၊ ရေအိုးများကို ခြင်မဝင်နိုင်အောင် လုံခြုံစွာ ဖုံးအုပ်ရပါ မည်။ ရေစည်၊ ရေအိုးအားလုံး၏ အတွင်းပိုင်းကို (၃)ရက်၊ (၄)ရက်တစ်ကြိမ် တိုက်ချွတ်ဆေးကြော၍ သွန်ပစ်ရ ပါမည်။ ရေရှားပါက ခြင်လောက်လန်းတွေ့သောရေကို နောက်တစ်အိုးထဲသို့ ရေစစ်ဖြင့်ပြောင်းထည့်ရပါမည်။ ကြောင်အိမ်အောက်ခံခွက်များထဲသို့ ဆား၊ စက်ဆီဟောင်းများ လောင်းထည့်ရပါမည်။ ညောင်ရေအိုး၊ ပန်းအိုး များကို နေ့စဉ်ဆေးကြော၍ ရေလဲရပါမည်။ အလင်းရောင်ရ၍ ခြင်မခိုအောင်းနိုင်စေရန် နေ့ပိုင်းတွင် ပြတင်း ပေါက်များကို ဖွင့်ထားရပါမည်။ မိုးရေတင်နိုင်သောခွက်၊ တာယာစုတ်၊ အိုးခြမ်းပဲ့၊ အုန်းမှုတ်ခွက် စသည်တို့ကို မြေမြှုပ်ပစ်ရပါမည် (သို့မဟုတ်) စနစ်တကျ စွန့်ပစ်ရပါမည်။ အိမ်တွင်း၊ အိမ်ပြင် သန့်ရှင်းစွာထားရပါမည်။ ရေမသွန်နိုင်သည့် အုတ်ကန်၊ ရေစည်၊ ရေကန်များတွင် ပိုးလောက်လန်းစားငါး (သို့မဟုတ်) ပိုးလောက်လန်း သေဆေး (အဘိတ်)ခပ်ရပါမည်။ သွေးလွန်တုပ်ကွေးလူနာရှိသည့်အိမ်နှင့် ၎င်းကလေးတက်သည့်ကျောင်း၏ ပတ်ဝန်းကျင်မှ ကိုက် (၁ဝဝ) အတွင်းရှိသော အိမ်များတွင် ဆေးမှုတ်သင့်ပါသည်။

(၇) အကြံပြုချက်

အေးဒီး(စ်)ခြင်ကျားမရှိလျှင် သွေးလွန်တုပ်ကွေးရောဂါ၊ ဇီကာဗိုင်းရပ်(စ်)ရောဂါနှင့် ချီကန်ဂန်ညာရောဂါများ မဖြစ်ပါ။ ထို့ကြောင့် ခြင်မဖြစ်မီ ခြင်လောက်လန်းဘဝကပင် နှိမ်နင်းရပါမည်။ ခြင်အကိုက်မခံရရေးအတွက် ဘယ်နေရာအိပ်အိပ်၊ ဘယ်အချိန်အိပ်အိပ် ဆေးစိမ်ခြင်ထောင်နှင့်အိပ်ရပါမည်။ ခြင်ရိုက်ဘတ်တံ သုံးရပါမည်။ ခြင်နိုင်ဆေးလူးရပါမည်။ ခြင်လုံဇကာတပ်ရပါမည်။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ရပါမည်။ အေးဒီး(စ်)ခြင်ကျားကြောင့်ဖြစ်သောရောဂါများ မဖြစ်စေရန် ကြိုတင်ကာကွယ်ရပါမည်။ ရောဂါဖြစ်ပါကလည်း ထိရောက်စွာကုသရပါမည်။

ဒေါက်တာမြင့်သန်းထွန်း

Health Care