အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်ရှိ “Rutgers” ပြည်သူ့သုတေသနတက္ကသိုလ်မှ သုတေသီများ၏ လေ့လာချက်အရ ကော်ဖီတွင်ပါဝင်သော ကဖင်းဓာတ်နှင့် အခြားဒြပ်ပေါင်းတစ်မျိုးက ပါကင်စွန်ရောဂါ (Parkinson’s)၊ မှတ်ဉာဏ်လျော့ပါးရောဂါ (Dementia)တို့ကို ကုသရာ၌ ကူညီပေးနိုင်ကြောင်း သိရသည်။

၎င်းသုတေသန၏အဆိုအရ ကော်ဖီစေ့၏ အပေါ်ယံအလွှာတွင် တွေ့ရတတ်သော Eicosanoyl-5- hydroxytryptamide (EHT) အမည်ရှိ ဒြပ်ပေါင်းနှင့်ကဖင်းဓာတ်တို့က အဆိပ်အတောက် ပရိုတင်းတစ်မျိုး (Aplha-synuclein) ဦးနှောက်တွင်း စုပုံလာခြင်းကို တားဆီးပေးကြောင်း သိရသည်။ အဆိုပါ EHT နှင့် ကဖင်း ဓာတ်အသင့်အတင့်ပမာဏက လှုပ်ရှားမှု၊ လေ့လာသင်ယူနိုင်မှုနှင့် ဦးနှောက်မှတ်ဉာဏ်ပိုင်းတို့ကို သိသိသာသာ တိုးတက်ကောင်းမွန်လာပြီး ဦးနှောက်တွင်းရောင်ယမ်းမှုများကိုလည်း လျော့နည်းစေကြောင်း စမ်းသပ်ချက်တွင် ဖော်ပြထားသည်။

“ EHT ဟာ ကော်ဖီမှာပါဝင်တယ်လို့ အကြမ်းဖျင်းယူဆလို့ရပေမယ့် ကော်ဖီအမျိုးအစားတစ်ခုနဲ့ တစ်ခုအပေါ် မူတည်ပြီး ပါဝင်တဲ့ပမာဏကတော့ ကွဲပြားပါတယ်။ အဲ့ဒီ EHT နဲ့ ကဖင်းဓာတ် အချိုးကျပေါင်းစပ်ရမယ့် ပမာဏ အတိအကျကို မှန်ကန်စွာသိရဖို့ ကျွန်မတို့ သုတေသနတွေ ထပ်ပြီးပြုလုပ်ရဦးမှာပါ။ အဓိကကတော့ လက်ရှိ အချိန်ထိ ပျောက်ကင်းအောင် ကုသလို့မရသေးတဲ့ ပါကင်စွန်နဲ့ ဒီမန်းရှား ရောဂါဝေဒနာရှင်တွေအတွက် အကျိုးရှိစေဖို့ ရည်ရွယ်ပါတယ်” ဟု ဦးဆောင်သုတေသီ Dr. Mouradian က ပြောကြားခဲ့သည်။

လှုပ်ရှားမှုများ ပုံမှန်မဟုတ်သော Parkinson’s ရောဂါနှင့် မှတ်ဉာဏ်လျော့ပါးလာသော Dementia ရောဂါ တို့သည် ဦးနှောက်၊ အာရုံကြောပိုင်းဆိုင်ရာ ယိုယွင်းခြင်းကြောင့်ဖြစ်ပြီး အသက် ၆ဝ နှင့် အထက်အရွယ်များတွင် အဖြစ်များကြောင်းသိရသည်။

ဒေါက်တာရဲခိုင်ဦး

Health Care