ကျောက်ရုပ်မျက်နှာနဲ့ မုန်တိုင်းလက်သီးတွေ့မယ့်ပွဲ

0
375

ရဲသွေးနီ Vs မာကိုတို

ရဲသွေးနီဟာ မြန်မာ့ရိုးရာလက်ဝှေ့နယ်ပယ်မှာတော့ တစ်ခေတ်တစ်ယောက်လို့ ဆိုရလောက်တဲ့ လက်ဝှေ့သမားဖြစ်ပါတယ်။ သူ့နာမည်ကို မကြားဘူးရင် ရိုးရာလက်ဝှေ့ပရိသတ်မစစ်ဘူးလို့ဆိုရမယ့် အနေအထားအထိလည်း အောင်မြင်မှုတွေရရှိထားပါတယ်။ လေးထပ်ကွမ်း ရွှေခါးပတ်ချန်ပီယံ ဝင်းထွန်းရဲ့နောက်မှာ ခါးပတ်အများဆုံးပိုင်ရှင်ဖြစ်လာတဲ့ရဲသွေးနီက ခါးပတ်ပေါင်း (၆) ခုထိ ရရှိထားပါတယ်။ အဲဒီအထဲက ခါးပတ်တစ်ခုဟာ ဂျပန်လက်ဝှေ့သမား ဟာမာမိုတိုယူတာကို အကွဲထိုးပြီးရရှိထားတာဖြစ်ပါတယ်။ ဒါကြောင့် ရဲသွေးနီဟာ ဂျပန်နိုင်ငံကို ဒုတိယအကြိမ်မြောက် သွားရောက်ယှဉ်ပြိုင်မှာဖြစ်ပေမယ့် ဂျပန်လက်ဝှေ့သမားနဲ့တော့ တတိယမြောက်ယှဉ်ပြိုင်မှုဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်က ဂျပန်နိုင်ငံ တိုကျိုမြို့ တိုကျိုဒုန်းစီးတီးဟော(လ်)မှာ ရာဇာ (ရွှေမိုးထိငြိမ်းချမ်းရေး) ကို အလဲထိုးအနိုင်ယူခဲ့တာကြောင့် သူ့ကိုယ်သူ အစွယ်ချွန်ပြီထင်တဲ့ ဟာမာမိုတိုယူတာက မြန်မာနိုင်ငံကို နယ်ကျွံလာခဲ့ပါတယ်။ MMAG က ဆရာမာဂျေစီစဉ်တဲ့ MLWC ပြိုင်ပွဲကို ရောက်ရှိလာတဲ့ ယူတာဟာ ပြိုင်ဘက်ကို ကြောင်ရိုင်းတစ်ကောင်းလို တိုက်ခိုက်နိုင်စွမ်းရှိတဲ့အတွက် “Cat” ဆိုတဲ့နာမည်ကိုတောင်မှ ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဒါပေမယ့် သိမ်ဖြူရုံက ရိုးရာလက်ဝှေ့ကြိုးဝိုင်းထဲမှာ ရဲသွေးနီနဲ့ရင်ဆိုင်မိတဲ့အခါ အမဲလိုက်ခံရတဲ့ ယုန်သူငယ်တစ်ကောင်လို ကြိုးဝိုင်းထဲပတ်ပြေးနေရပါတော့တယ်။ ပြေးစရာရှိပေမယ့် ပုန်းစရာမရှိတဲ့ကြိုးဝိုင်းထဲမှာ သက်လုံကျလာတဲ့ ယူတာရဲ့ခြေထောက်တွေ သစ္စာဖောက်လာပြီး ရဲသွေးနီရဲ့လက်သီးတွေ မျက်နှာကို အထိုးခံဖို့ခွင့်ပြုရပါတော့တယ်။

ဂျပန်နိုင်ငံမှာ “ကြောင်” လို့နာမည်ကျော်တဲ့ ယူတာကို မြန်မာ့မြေမှာအနိုင်ရလိုက်တဲ့ရဲသွေးနီကို ဂျပန်ဘုန်းကြီး အီခရူစိုးဂျွန်က တိုကျိုမြို့ ခိုလခုအန်ခန်းမမှာ ရင်ဆိုင်ကြဖို့ စိန်ခေါ်လိုက်တဲ့ပွဲကတော့ Lethwei in Japn 11 ဖြစ်ပါတယ်။ စိန်ခေါ်ရင် ဘွာမခတ်တဲ့ ရဲသွေးနီက သူဟာ အိမ်ကွင်းမှာသာ တိုက်ကြက်ဖမဟုတ်ဘဲ အဝေးကွင်းမှာလည်း အခွပ်သန်တယ်ဆိုတာကို သူ့ရဲ့ ပထမဆုံးဂျပန်ပွဲမှာပဲပြဆိုလိုက်ပါတယ်။ အသေအချာပြင်ဆင်ထားတဲ့ အီခရူစိုးဂျွန်က ဆူနာမီရေလှိုင်းတွေလို တိုက်စစ်မျိုးနဲ့ ဒုတိယအချီအထိ ဖိစီးထိုးသတ်ခဲ့သေးတာပါ။ ဒါပေမယ့် ရဲသွေးနီက မြွေဟောက် ပါးပြင်းအကျကို စောင့်နေတဲ့ မြွေပါတစ်ကောင်လို တတိယအချီကျမှ အီခရူစိုးဂျွန်ကို ထောင့်ပိတ်ထိုးပြီး စတုတ္ထအချီအစပိုင်းမှာ အနားတောင်းစေပါတယ်။ အီခရူစိုးဂျွန်ဟာ သရေပွဲရဖို့တောင့်ခံသေးပေမယ့် ရဲသွေးနီက နိုင်ကျွဲခတ်သလို  လက်သီးတွေ တရစပ်ပစ်လွှတ်နေတာမို့ နောက်ဆုံးတော့ စိုးဂျွန် ဆေးရှုံးဖြစ်သွားပါတော့တယ်။ မြန်မာ့ရိုးရာလက်ဝှေ့လောကမှာ မသိသူမရှိ နာမည်ကျော်တဲ့ရဲသွေးနီကို အဲဒီတစ်ပွဲနဲ့ပဲ ခိုလခုအန်ခန်းမ ပရိသတ်တွေ မှတ်မိသွားကြပါတော့တယ်။

ဒါကြောင့် လာမယ့်မေ(၁၇) ရက်နေ့ ညနေ (၆)နာရီခွဲအချိန်ကျရင် ဂျပန်နိုင်ငံတိုကျိုမြို့ ခိုလခုအန် ခန်းမမှာကျင်းပမယ့် Lethwei in Japan 12 ပွဲကို ရဲသွေးနီပါဝင်ဖို့ တောင်းဆိုမှုတွေရှိလာပါတယ်။ ဒီ တစ်ကြိမ်မှာ ရဲသွေးနီကိုရင်ဆိုင်ဖို့ အလှည့်ကျသူကတော့ Lethwei in Japan 8 မှာ ဟံသာဝတီသား(အဖြူ ရောင်သွေးသစ်)၊ Lethwei in Japan 9 မှာ တစ်နိုင်ငံတည်းသား  Teleca(ဂျပန်)၊ Lethwei in Japan 10 မှာ တစ်နိုင်ငံတည်းသား ရှီမိဇု(ဂျပန်)နဲ့ ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံရင့်သူတစ်ယောက်ပါ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သလောက် စိတ်ပိုင်းဆိုင်ရာ မာကျောတဲ့ မာကိုတိုဟာလည်း ခိုလခုအန်ခန်းမမှာ အမာခံပရိသတ်ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ နောက်မဆုတ်တတ်ဘဲ ကျောက်ရုပ်လိုမျက်နှာပေး၊ အေးစက်တဲ့အကြည့်တွေနဲ့ ရက်စက်မယ့်အသွင်ဆောင်သူ မာကိုတို (အေ – ကေ – အေ ဘာစတာ)နဲ့ ကြောက်တတ်ရင်နောက်ဆုတ် ကျောက်ရုပ်တောင် ဒူးတုပ်သွားစေရမယ်ဆိုတဲ့ မုန်တိုင်းလက်သီးပိုင်ရှင် ရဲသွေးနီတို့ရင်ဆိုင်မယ့်ပွဲဟာ ခိုလခုအန်ခန်းမထဲက ပရိသတ်တွေရဲ့ လက်ခုပ်သံကို ခြွေယူလိမ့်မယ် ဆိုတာသေချာလှပါတယ်။

ဇင်လင်းထွန်း (ဓနုဖြူ)

Health Care