ဝင်ဘယ်လ်တန်တင်းနစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အချိန်အကြာဆုံးဗိုလ်လုပွဲနှင့် ရော်ဂျာဖက်ဒါရား၏မျက်ရည်များ…

0
62

တနင်္ဂနွေညကကျင်းပခဲ့တဲ့ အင်္ဂလန်နိုင်ငံ ဝင်ဘယ်လ်တန်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲဟာ ဝင်ဘယ်လ်တန်တင်းနစ် ပြိုင်ပွဲသမိုင်းတစ်လျှောက် လေးနာရီနဲ့ ငါးဆယ့်ငါးမိနစ် ကစားခဲ့ရတဲ့အတွက် အချိန်အကြာဆုံး ဗိုလ်လုပွဲအဖြစ် သမိုင်းမှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒီဗိုလ်လုပွဲမှာလက်ရှိချန်ပီယံ ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်က ဂရင်းစလင်း အကြိမ်(၂ဝ) ချန်ပီယံဆုရှင် ရော်ဂျာဖက်ဒါးရားကို 7-6 (7-5), 1-6, 7-6 (7-4), 4-6, 13-12 (7-3) နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ ဂျိုကိုဗစ်ဟာဆိုရင် ၂ဝ၁၉ ခုနှစ် ဝင်ဘယ်လ်တန်တင်းနစ် ချန်ပီယံ ဖလားကို (၅)ကြိမ်မြောက် ဆွတ်ခူးရရှိခဲ့သွားပြီဖြစ်ပါတယ်။ ပြိုင်ပွဲတစ်လျှောက်လုံးရဲ့မိနစ်တိုင်းဟာ စိတ်လှုပ်ရှား စရာကောင်းခဲ့ပြီး ဖက်ဒါးရားဟာ ဖလားကို လက်ဝယ်ရရှိဖို့ အခွင့်အရေးနှစ်ကြိမ်တိုင်တိုင် ရရှိခဲ့ပါသေးတယ်။ ဒါပေမယ့် အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂန္တဝင်တင်းနစ်သမားကြီးဟာ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကို မရ ခဲ့ပါဘူး။ ဆွစ်ဇာလန်နိုင်ငံရဲ့ ဂုဏ်ယူစရာတင်းနစ်သမားကြီးဟာ အကြိုဗိုလ်လုပွဲမှာ နာမည်ကြီး စပိန်တင်းနစ် သမား ရာဖေးလ်နာဒယ်လ်ကိုကျော်ဖြတ်ခဲ့ပြီးမှ ဗိုလ်လုပွဲမှာ အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

အမျိုးသားတစ်ဦးချင်း ဂရင်းစလင်းတင်းနစ်ချန်ပီယံသမိုင်းမှာ ရော်ဂျာဖက်ဒါးရားဟာ အကြိမ် (၂ဝ) ချန်ပီယံ ဖြစ်ခဲ့ပြီး ရာဖေးလ်နာဒယ်လ်ကတော့ (၁၈)ကြိမ်ရရှိထားတာဖြစ်ပါတယ်။ ဂျိုကိုဗစ်ကတော့ ပူပူနွေးနွေး ဝင်ဘယ်လ်တန်ချန်ပီယံဆုအပါအဝင် (၁၆)ကြိမ် ရရှိထားပါတယ်။ အမေရိကန်နိုင်ငံသား ပိဒ်ဆမ်းပရပ်စ်က (၁၄)ကြိမ်နဲ့ အီမာဆင်က (၁၂)ကြိမ် ရရှိထားပါတယ်။ ဂျိုကိုဗစ်ဟာ ဖက်ဒါးရားထက် ၅ နှစ်ငယ်ရွယ်သူဖြစ်ပြီး နာဒယ်လ်ထက် ၁ နှစ်ငယ်ရွယ်သူဖြစ်တဲ့အတွက် တစ်ဦးချင်းတင်းနစ်ချန်ပီယံသမိုင်းမှာ နောက်ထပ်မှတ်တမ်း ရေးထိုးနိုင်ဖို့ အခွင့်အရေးတွေ ရရှိနေပါသေးတယ်။ ဒါကြောင့် ဝင်ဘယ်လ်တန်ဗိုလ်လုပွဲအပြီးမှာ ဂျိုကိုဗစ်က “သမိုင်းဝင်မယ့်အရာတစ်ခုကိုရရှိဖို့ ပရိသတ်တွေက အဓိကလှုံ့ဆော်ခဲ့ပါတယ်။ ဒီခံစားမှုက ကျွန်တော့်ကို ပိုကြိုးစားဖို့ဖြစ်စေခဲ့ပြီး ကျွန်တော်ရတာထက် ပရိသတ်တွေက ပိုရသွားမယ်လို့ထင်ပါတယ်။ ကျွန်တော် ဘာကြောင့် တင်းနစ်ကစားရတယ်ဆိုတာ အကြောင်းပြချက်မရှိပါဘူး။ ဒါပေမယ့် ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေကိုချစ်လို့ တင်းနစ်ကစားဖြစ်နေတယ်လို့ထင်ပါတယ်” လို့ပြောကြားသွားခဲ့ပါတယ်။

ဒီဗိုလ်လုပွဲမှာ ကမ္ဘာ့အကောင်းဆုံးတင်းနစ်ကစားသမားနှစ်ဦး ဆုံတွေ့ခဲ့ကြတာဖြစ်လို့ အချိန်ကြာမြင့်ခဲ့တာ ဖြစ်ပါ တယ်။ ဂျိုကိုဗစ်အတွက် နောက်ထပ်မှတ်တမ်းတစ်ခုကတော့ ချန်ပီယံဘွဲ့ကို ဆက်လက်ကာကွယ်နိုင်ခဲ့တဲ့ ပထမဦးဆုံးကစားသမားလည်း ဖြစ်သွားခဲ့ပါတယ်။ ဒီနှစ်ဗိုလ်လုပွဲရဲ့ အမြင့်ဆုံးစိတ်လှုပ်ရှားမှုဟာ တစ်ယောက် (၂)ပွဲစီအနိုင်ရပြီးချိန်၊ နောက်ဆုံးပွဲ မှာ (12-12) ဖြစ်တဲ့အချိန်ပါပဲ။ ဒီအချိန်အထိ ဝင်ဘယ်လ်တန် ချန်ပီယံ ဖလားဟာ ဘယ်သူ့လက်ထဲရောက်မယ်ဆိုတာ ခန့်မှန်းလို့မရခဲ့ပါဘူး။ နောက်ဆုံးတော့ အဖိုးတန် Tiebreak ကို ဂျိုကိုဗစ်က အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီဗိုလ်လုပွဲကို ဗြိတိန်တော်ဝင်မင်းသားဟင်နရီနဲ့ဇနီးတို့ တက်ရောက် ကြည့်ရှုပြီး ဆုချီးမြှင့်ပေးခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ထင်ပေါ်အကျော်ကြားဆုံး ဂရင်းစလင်း(၄)ခုရှိတဲ့အနက် ဝင်ဘယ်လ်တန်တင်းနစ်ပြိုင်ပွဲဟာ သက်တမ်းအရင့်ဆုံးပြိုင်ပွဲဖြစ်ပါတယ်။ ဒီနှစ် ဝင်ဘယ်လ်တန်တင်းနစ်ပြိုင်ပွဲ အားလုံးရဲ့ဆုကြေးဟာ ပေါင်(၃၈)သန်း ဖြစ်ပြီး မနှစ်ကထက် ၁၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါတယ်။ ဒီနှစ် အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်း ချန်ပီယံတွေအနေနဲ့ ဆုကြေးပေါင် ၃.၃၅ သန်းစီရရှိမှာဖြစ်ပြီး ၂ဝ၁၈ ကထက် ပေါင် ၁ သိန်းစီ ပိုရရှိခဲ့ပါတယ်။ တင်းနစ်ဆုကြေးမြင့်တက်လာရခြင်းဟာ ရုပ်သံထုတ်လွှင့်ခွင့်ကြေးပိုရလာလို့ ဖြစ်ပါတယ်။ ၂ဝ၁၈ ခုနှစ်က ဝင်ဘယ်လ်တန်တင်းနစ်ပြိုင်ပွဲတစ်ခုလုံးရဲ့ဆုကြေးဟာ ပေါင် ၃၄ သန်းဖြစ်ပြီး တစ်ဦးချင်းချန်ပီယံဆုအတွက် ပေါင် ၂.၂၅ သန်းသာ ချီးမြှင့်နိုင်ခဲ့ပါတယ်။ နှစ်ယောက်တွဲပြိုင်ပွဲအတွက် ချီးမြှင့် တဲ့ဆုကြေးကတော့ ပေါင် ၄ သိန်းခွဲဖြစ်ပါတယ်။

ဒီနှစ်ဝင်ဘယ်လ်တန်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်းချန်ပီယံကတော့ ဆီမိုနာဟာလပ်ဖြစ်ပါတယ်။ သူဟာ နာမည်ကြီးတင်းနစ်ကစားသမား ဆရီနာဝီလျံကို အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ ဆီမိုနာဟာ ဆရီနာကို (6-2,6-2) နဲ့ သက်တောင့်သက်သာ အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။ ဆရီနာဝီလျံကတော့ ၂၄ ကြိမ် မြောက်ရရှိမယ့် ဂရင်းစလင်းဆုနဲ့ လွဲချော်သွားခဲ့ရတာဖြစ်ပါတယ်။ ဆရီနာဝီလျံဟာ အမေရိကန်နိုင်ငံသူဖြစ်ပြီး လက်ရှိအမျိုးသမီးတင်း နစ်ကစားသမားတွေထဲမှာ အဆင့် (၁ဝ) အထိ ကျဆင်းသွားခဲ့ပါတယ်။ ၂ဝဝ၂ ခုနှစ် ကနေ ၂ဝ၁၇ ခုနှစ်အကြား တင်းနစ်မြက်ခင်းပြင်တွေရဲ့အောင်မြင်မှုကို ဆာရီနာဝီလျံက သိမ်းပိုက်ထားပြီး ကမ္ဘာ့အဆင့် (၁)နေရာကို နှစ်ပေါင်းအတော်ကြာ ထိန်းထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ တော့ လက်ရည်ကျဆင်းနေလို့ ကမ္ဘာ့အဆင့် (၁) ဆီမိုနာဟာလပ်ကို အရှုံးပေးသွားခဲ့ရတာဖြစ်ပါတယ်။ ဆရီနာ ဟာလည်း ဖက်ဒါးရားလိုပဲ အသက် ၃၇ နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။ သူမဟာ ဝင်ဘယ်လ်တန်ချန်ပီယံဆုကို (၈)ကြိမ်အထိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ သူ့မရဲ့ရှေ့မှာ ဝင်ဘယ်လ်တန်ချန်ပီယံ (၉)ကြိမ် သိမ်းပိုက်နိုင်ခဲ့တဲ့ နာဗရာတီလိုဗာကို မှီဖို့ တစ်ကြိမ်လိုအပ်နေပါတယ်။ ဒါပေမယ့် ဆရီနာရဲ့အိပ်မက်ဟာ လက်တွေ့ဖြစ်လာဖို့ တော့ ခက်ခဲသွားပြီဖြစ်ပါတယ်။ သူ့ရဲ့ပြိုင်ဘက်တွေဟာ အသက်အရွယ်ငယ်ရွယ်ပြီး အနာဂတ်အတွက် အလား အလာအများကြီးရှိနေလို့ပါပဲ။

အမျိုးသားအမျိုးသမီးနှစ်ယောက်တွဲချန်ပီယံဆုကိုတော့ ခရိုအေးရှားနိုင်ငံသား အိုင်ဗင်ဒူဒစ်နဲ့ တိုင်ပေနိုင်ငံသူ ချန်တို့က ဆွီဒင်နိုင်ငံသား လင်းစတက်နဲ့ သြစတာပင်ကိုတို့ကို (6-2,6-3) နဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ဒူဒစ်ဟာ ဂရင်းစလင်း ချန်ပီယံဆုကို (၄)ကြိမ်မြောက် ဆွတ်ခူးသွားတာဖြစ်ပါတယ်။

အခုလို ဝင်ဘယ်လ်တန်ပြိုင်ပွဲကြီး ပြီးဆုံးသွားတဲ့အခါမှာတော့ သမိုင်းမှတ်တမ်းများစွာ ကျန်ရစ်ခဲ့ပါတယ်။ အဲဒါတွေကတော့ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲဟာ ကမ္ဘာ့အရှည်ကြာဆုံးပြိုင်ပွဲဖြစ်ခဲ့ခြင်း၊ ကမ္ဘာ့နံပါတ်(၁) တင်းနစ်သမား ဂျိုကိုဗစ်က ဝင်ဘယ်လ်တန် (၈)ကြိမ် ချန်ပီယံရော်ဂျာဖက်ဒါးရားကို အကျဉ်းမြောင်းဆုံးအမှတ်နဲ့ အနိုင်ရရှိခဲ့ခြင်း၊ ဂျိုကိုဗစ်ဟာ ဖက်ဒါးရားနဲ့ နောက်ဆုံး (၁ဝ)ကြိမ် ယှဉ်ပြိုင်ကစားခဲ့ရာမှာ (၈)ကြိမ် အနိုင်ရရှိခဲ့ ခြင်း၊ သူတို့နှစ်ဦးဟာ နောက်ဆုံး ဝင်ဘယ်လ်တန်ချန်ပီယံဖလား (၁၇)လုံးအနက် (၁၃)လုံးကို သိမ်းပိုက်နိုင်ခဲ့ ခြင်းတို့ပဲဖြစ်ပါတယ်။ ဂျိုကိုဗစ်နဲ့ ဖက်ဒါးရားတို့ဟာ ဝင်ဘယ်လ်တန်ချန်ပီယံဗိုလ်လုပွဲကို နောက်ဆုံးကစားခဲ့တာ က ၂ဝ၁၅ ခုနှစ်ကဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာလဲ ဂျိုကိုဗစ်ကပဲ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ဗြိတိန် အိမ်ရှေ့မင်းသားဝီလျံနဲ့ ကြင်ယာတော် ကိတ်မစ်ဒဲလ်တန်တို့ ဇနီးမောင်နှံနှစ်ဦးတက်ရောက် ကြည့်ရှုခဲ့ကြသလို အမျိုးသမီးတစ်ဦးချင်းဖိုင်နယ်ပွဲကိုလည်း ကြင်ယာတော် ကိတ်မစ်ဒဲလ်တန် ကြည့်ရှုအားပေးခဲ့ပါတယ်။ ပြိုင်ပွဲ အပြီးမှာတော့ ဆာဗီးယားနိုင်ငံသား ဂျိုကိုဗစ်ဟာ သူတို့ရဲ့ ရိုးရာထုံးတမ်းဓလေ့အတိုင်း တင်းနစ်ကွင်းထဲက မြက်ကို နှုတ်ယူစားပြခဲ့ပါတယ်။ သူတို့ဓလေ့က အောင်ပွဲခံနေစဉ်မှာ မြက်ကိုစားရင်တောင် ချိုတယ်ဆိုတဲ့ အယူအဆရှိပါတယ်။ ဂန္တဝင်တင်းနစ်သမားကြီး ဖက်ဒါးရားအတွက်တော့ (၂၁)ကြိမ်မြောက် ဂရင်းစလင်း ချန်ပီယံဆုကိုရရှိဖို့ လက်တစ်ကမ်းအလိုမှာ လက်လွှတ်လိုက်ရတဲ့အတွက် ဗိုလ်လုပွဲမှာ မျက်ရည်တွေ ကျဆင်းခဲ့ ရပါတယ်။

ဇော်သက်ထွေး

Health Care