ချောကလက်စားတာ ကျန်းမာရေး အထောက်အကူဖြစ်စေလားလို့ မေးလာရင် အဖြေအမျိုးမျိုး ထွက်နိုင်ပါတယ်။ တချို့က ချောကလက်ဟာ ကျန်းမာရေးအတွက်ကောင်းတယ်၊ တချို့ကျတော့လည်း ကျန်းမာရေးအတွက် မကောင်းဘူးဆိုပြီး အမျိုးမျိုးဆိုကြပါတယ်။ ဒီနေရာမှာ အဓိက အရေးကြီးဆုံးအချက်ကတော့ ချောကလက်တစ်ခုဟာ ကျန်းမာရေးအတွက် အထောက်အကူပြု/မပြု သိချင်ရင် သူ့မှာပါတဲ့ ကိုကိုးအမှုန့် (Cocoa)ရာခိုင်နှုန်းကို ကြည့်ရပါမယ်။ Cocoa အနည်းဆုံး ၅၀ % ပါနေဖို့လိုပြီး ၇၀%, ၈၀%, ၉၀% ပါရင်တော့ ကျန်းမာရေးအတွက် အထောက်အကူပို ဖြစ်စေပါတယ်။

ဒါမျိုးချောကလက်တွေကို Dark Chocolate လို့ခေါ်ဝေါ်လေ့ရှိပါတယ်။ ချောကလက်မှာပါဝင်တဲ့ Cocoa က ကျန်းမာရေးကို အဓိက အထောက်အကူဖြစ်စေပါတယ်။

Cocoa (ကိုကိုး) က ဦးနှောက်ကနေ Serotonin နှင့် Dopamine ဓါတ်ပစ္စည်းတွေ ထုတ်တာကို အားပေးတဲ့ အတွက် စိတ်ခံစားမှုကောင်းမွန်စေဖို့ အထောက်အကူပြုပါတယ်။ အထူးသဖြင့် အလုပ်ကြောင့်(သို့)  ဓမ္မတာ လာချိန်မှာ စိတ်ဖိစီးမှုများနေတဲ့ အမျိုးသမီးတွေဆိုရင်  Dark chocolate လိုမျိုးစားပေးသင့်ပါတယ်။

Dark Chocolate စားပေးတာက အယ်ဇိုင်းမားရောဂါ (Alzheimer’s Disease) မှာ မှတ်ဉာဏ်စွမ်းအား အတွက် တဖက်တလမ်းကနေ ကူညီပေးပါတယ်။

Dark Chocolate မှာ Cocoa ပါဝင်နှုန်းများပြီး ဓါတ်တိုးဆန့်ကျင်သတ္တိ များစွာပါဝင်တဲ့အတွက် နှလုံးသွေး ကြောကျဉ်းရောဂါမဖြစ်အောင် တဖက်တလမ်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် Dark Chocolate မှာ အာဟာရဓါတ် တော်တော်များများ ပါဝင်တာတွေ့ရပါတယ်။ Dark Chocolate (၃၀) ဂရမ်မှာ အမျှင်ဓါတ် (၃) ဂရမ်၊ အိုမီဂါသရီး (၁၀) မီလီဂရမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ကော့ပါးဓါတ်၊ ပိုတက်ဆီယမ်၊ ဆီလီနီယမ်နှင့် ဇင့်ဓါတ်တို့ကြွယ်ဝစွာပါဝင်ပါတယ်။

အထက်ပါအချက်တွေအရ Dark Chocolate စားရင် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုနိုင် တယ်ဆိုပေမယ့် အချိုဓါတ်အရမ်းများပြီး Cocoa ပါတာ နည်းတဲ့ချောကလက်တွေ စားရင်တော့ သွေးတွင်း ကိုလက်စထရောတက်တာ၊ ဆီးချိုနဲ့ အဝလွန်ရောဂါတွေ ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် ချောကလက် စားတော့မယ်ဆိုရင် အနည်းဆုံး Cocoa အနည်းဆုံး (၅၀) ရာခိုင်နှုန်းပါတာကို  ရွေးချယ်စားသုံးပေးမှ ကျန်းမာရေးအတွက် အကျိုးကျေးဇူးရနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ Cocoa (၇၀) ရာခိုင်နှုန်းလောက်ပါတာကို စားပေးသင့်ပါတယ်။

ဒေါက်တာ ညီညီကျော်

Health Care