အခုချိန်က ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားနေတဲ့ COVID-19 ရောဂါအကြောင်း အားလုံးလည်း သိချင်နေကြမှာအမှန်ပါပဲ။ အခုဆွေးနွေးသွားမယ့် အကြောင်းအရာကတော့ သွေးတိုးရောဂါနဲ့ COVID-19 ဘယ်လိုတွေ သက်ရောက်မှု ရှိမလဲ ဆိုတာလေးပါ။

အားလုံးသိတဲ့အတိုင်းပဲ သွေးတိုးရောဂါဆိုတာ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအရွယ်တွေမှာ အဖြစ် များတဲ့ရောဂါတစ်ခုပါ။ အဲဒါကြောင့်မို့လို့ အရင်က မိမိမှာသွေးတိုးရောဂါအခံရှိသူများဟာ အခြားသူတွေထက်ပိုပြီး အခုလိုကပ်ရောဂါ ကာလမှာ ပိုဂရုစိုက်သင့်ကြောင်း ထပ်လောင်း သတိပေးပြောကြား လိုပါတယ်။ သုတေသနစစ်တမ်းတွေအရလည်း သွေးတိုးရောဂါရှိသူတွေဟာ ဒီလိုအချိန်မှာ COVID-19 ကူးစက်ဖို့ပိုလွယ်တာ၊ သွေးတိုးရောဂါပိုဆိုးလာတာ၊ နောက်ပြီး အခြားရောဂါပိုးတွေ ဝင်လာနိုင်တာတွေကို ဖော်ပြထားပါတယ်။

ဒီကပ်ရောဂါဆိုးကြီး အများဆုံးဖြစ်ပွားနေတဲ့ တရုတ်နဲ့အီတလီနိုင်ငံတို့ရဲ့ စစ်တမ်းတွေအရလည်း သွေးတိုးရောဂါရှိသူများ၊ ဆီးချိုရောဂါသည်များ၊ နာတာရှည် အဆုတ်ရောဂါသည်များ၊ နှလုံးရောဂါရှိသူများဟာ အခြားသူတွေထက် COVID-19 ကူးစက်ခံရနိုင်ခြေရော သေဆုံးနိုင်ခြေပါ မြင့်တက်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါဆိုရင် ဘာလို့ ဒီသွေးတိုး ရောဂါရှိတဲ့သူတွေမှာ COVID-19 အဖြစ်များပြီး အန္တရာယ်များတာလဲဆိုတဲ့ အချက်ကို လေ့လာကြည့်ရအောင်။ အဓိကအချက်ကတော့ ခန္ဓာကိုယ်ပြင်ပကလာတဲ့ ဘက်တီးရီးယားရော ဗိုင်းရပ်စ်ပိုးရောက ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကို အဓိက တိုက်ခိုက်လို့ပါ။ လူတွေ အသက်ကြီးလာလေလေ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်က ကျဆင်းလာလေလေဖြစ်တဲ့အတွက် ဒါဟာ ဒီဗိုင်းရပ်စ်ကို မိမိကိုယ်ထဲဝင်ရောက် တိုက်ခိုက်ဖို့ အားပေးနေတဲ့အချက် ဖြစ်ပါတယ်။ သွေးတိုးရောဂါဆိုတာကလည်း အသက်အရွယ်ရလာတာနဲ့အမျှ အစားအသောက်နဲ့ နေထိုင်မှုပုံစံတွေအရ အသက်ကြီးသူတွေရဲ့ ရာခိုင်နှုန်းတော်တော်များများမှာ ဖြစ်ပွားနိုင်ပါတယ်။ ဒီရောဂါနှစ်မျိုးသာ ပေါင်းလိုက်မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ဟာ အတော်လေး ထိခိုက်ပြီး ဗိုင်းရပ်စ်ကို တိုက်ခိုက်ဖို့ခက်ခဲသွားနိုင်ပါတယ်။

နောက်တချက်ကတော့ သွေးတိုးရောဂါမှာ အသုံးများတဲ့ သွေးတိုးကျဆေးတွေကြောင့် ဖြစ်နိုင်တယ်လို့ ဆေးသုတေသီတွေက ဆိုပါတယ်။ ယနေ့ခေတ်မှာ သွေးတိုးရောဂါအတွက် အသုံးများတဲ့ဆေးတွေ ( ACEI နဲ့ ARB) ဆေးတွေက ခန္ဓာကိုယ်ထဲက ACE လို့ခေါ်တဲ့ အင်ဇိုင်းကိုမြင့်တက်စေပါတယ်။ အဲ့ဒီအင်ဇိုင်းဟာ COVID-19 ရောဂါပိုးကို လူ့ခန္ဓာကိုယ်ထဲ အလွယ်တကူ ကူးစက်ဝင် ရောက်ဖို့အားပေးတယ်လို့ဆိုကြပါတယ်။ ဒီတွေ့ရှိမှုဟာလည်း သိပ္ပံပညာရှင်တွေအချင်းချင်း အငြင်းပွားနေဆဲဖြစ်ပြီး ထည့်သွင်းစဉ်းစား စရာအချက်တစ်ချက် ဖြစ်နေပါတယ်။ အထောက်အထားခိုင်လုံတဲ့ သုတေသန စစ်ချက်ကတော့ အခုထိ ထွက်မလာသေးပါဘူး။

အမေရိကန်ကောလိပ်က ဆေးသိပ္ပံပညာရှင်များကတော့ ဒါတွေကို မစဉ်းစားသင့်ဘဲ သွေးတိုးရောဂါရှိသူတွေဟာ ဆရာဝန်ညွှန်ကြားပြီးသားဆေးကို ပုံမှန်သောက်သုံးခြင်းက ဆေးမသောက်တာထက် ပိုမိုထိရောက်တဲ့ ကာကွယ်မှုတွေ ပေးနိုင်တယ်လို့ ဆိုထားပြန်ပါတယ်။ ဒါမှလည်း သွေးတိုးရောဂါကို ပုံမှန်ထိန်းထားနိုင်ပြီး နောက်ဆက် တွဲဆိုးကျိုးတွေကနေ ကာကွယ်နိုင်မှာဖြစ်ကာ အခုလိုကပ်ရောဂါကာလမှာ ဆေးရုံ၊ ဆေးခန်း အရေး ပေါ်သွားရောက်ပြသရခြင်းကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

COVID-19 က သွေးတိုး ရောဂါရှိပြီးသားသူတွေကို ဘယ်လိုအန္တရာယ်တွေဖြစ်စေနိုင်လဲ??

ပုံမှန်အားဖြင့်တော့ စာဖတ်သူတွေအားလုံးလည်း သိထားပြီးဖြစ် မှာပါ။ COVID-19 ရောဂါဟာ အဆုတ်ကိုအဓိက တိုက်ခိုက်ပါတယ်။ ဒါပေမယ့် အခြားကိုယ်အင်္ဂါတွေကိုလည်းထိခိုက်စေနိုင်ပါသေးတယ်။ နောက်ထပ်အရေးကြီးတာကတော့ နှလုံးပေါ့၊ ဒါကြောင့်မိုလို့ နာတာရှည်နှလုံးရောဂါရှိသူတွေ၊ နှလုံးသွေးကြောပိတ်ရောဂါနဲ့ သွေးတိုး/ဆီးချိုရောဂါသည်တွေမှာ ဒီ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီဆိုရင် ရောဂါဝေဒနာဆိုးရွားပြီး အသက်သေဆုံးတဲ့အထိ အန္တရာယ်ဖြစ်စေနိုင်တာကြောင့်သေချာဂရုပြုပါမယ်။

ဒါဆို နှလုံးကရော ဘာလို့ အရေးကြီးနေရလဲဆိုတာကို ရှင်းပြပါမယ်။ သွေးတိုးရောဂါရှိသူများမှာ သွေးကြောလေးတွေက ထိခိုက်ခံထားရပါတယ်။ အဲ့ဒီသွေးကြောလေးတွေက ကျဉ်းပြီး နှလုံးညှစ်အား အရမ်းမများအောင်၊ နှလုံးသွေးလွှတ်ခန်းနဲ့ သွေးပြန်ခန်းတွေ ဝန်မပိအောင်၊ ပြီးတော့ သွေးပုံမှန်လည်ပတ် စီးဆင်းနေဖို့အတွက် အောက်စီဂျင်ပမာဏမျှတအောင် လုပ်ဆောင်ပေးရပါတယ်။ သာမန် လူတယောက်ထက်တော့ နှလုံးပိုအားနည်းနေတယ်လို့ ဆိုလိုချင်တာပါ။ အဲ့တော့ နှလုံးကို COVID-19 ဗိုင်းရပ်(စ်)ပိုး တိုက်ရိုက်တိုက်ခိုက်တဲ့အခါ နဂိုနှလုံးအားနည်းနေတဲ့ သွေးတိုးရောဂါသမားတွေမှာ ခံနိုင်ရည်လျော့နည်းလာပြီး နှလုံးအမြှေးပါးရောင်တာကိုပါတွဲခံစား လာရပါတယ်။ ကြာလာရင်တော့ ဆေးပညာမှာ လူအများပြောနေကျ Heart attack (ခေါ်) နှလုံးအမော ဖောက်တဲ့အခြေအနေကို ခံစားလာရပြီး အချိန်မီကုသမှုမခံယူရင် အသက်အန္တရာယ်ပါ စိုးရိမ်ရနိုင်ပါတယ်။

ဒါဆို ဒီအခြေအနေမရောက်အောင် ဘယ်လိုကာကွယ်ကြမလဲ??

ဒီအပိုင်းကတော့ အားလုံး ကြားဖူး၊ သိဖူးပြီးသားအရာတွေကိုပဲ ထပ်လောင်းသတိပေးချင်တာပါ။

– မိမိမှာ သွေးတိုးရောဂါရှိတယ်ဆိုရင် ဆရာဝန်နဲ့ကြိုတင်ပြသပြီး သွေးကျဆေးသောက်ဖို့လို အပ်ရင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စနစ်တကျသောက်သုံးရပါမယ်။

– COVID-19 ကာလမှာ မလိုအပ်ဘဲအပြင်မသွားတာ၊ နှာခေါင်းစည်းတပ်တာ၊ တစ်ခုခုကိုင်တွယ်ပြီးတိုင်းလက်ဆေးတာ၊ လူစုလူဝေးနေရာတွေကိုရှောင်တာ၊ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေတာ စတဲ့လမ်းညွှန်ချက်တွေကို လိုက်နာရပါမယ်။

– မိမိမှာ ဖျားနာ/ချောင်းဆိုး ဖြစ်ပြီဆိုရင် အိမ်မှာ ကိုယ့်သဘောနဲ့ကိုယ်  ဆေးတွေ ကျိတ်မသောက်ဘဲ နီးစပ်ရာ ကျန်းမာရေးဌာန၊ Fever clinicနဲ့ ဆေးရုံ/ဆေးခန်းတွေကို ပြသတာမျိုး ပြုလုပ်ဖို့လိုပါတယ်။

အထက်ပါအချက်တွေကိုတိတိကျကျလိုက်နာမယ်ဆိုရင် သွေးတိုးလူနာတွေမှာ COVID-19 ရောဂါကူးစက်နှုန်းသိသိသာသာ ကျဆင်းစေမှာဖြစ်ပါတယ်။

လက်ရှိ COVID-19 ရောဂါ အတွက် ကာကွယ်/ ကုသဆေးတွေ တိတိကျကျမရှိသေးဘဲ စမ်းသပ် ထုတ်လုပ်နေဆဲအဆင့်သာ ရှိသေးတာကြောင့် မိမိရော မိမိပတ်ဝန်းကျင်ကိုပါ ရောဂါကူးစက်ပျံ့နှံ့မှု မရှိအောင် ဂရုစိုက်ဆင်ခြင်ဖို့လိုပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတိပေးညွှန်ကြားချက်တွေအတိုင်း တိတိကျကျ ကာကွယ်လိုက်နာခြင်းဖြင့် မိမိကစပြီးရောဂါဖြစ်ပွားမှုကိုဟန့်တားနိုင်စေရန် အလို့ငှါ ရေးသားလိုက်ပါ တယ်။

မြန်မာနိုင်ငံသားအားလုံး COVID-19 အပါအဝင် ရောဂါဘယဘေးမှ ကင်းဝေးကြပါစေ။

ဒေါက်တာဝင့်မှူး