ယနေ့ခေတ်ကာလတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး အစားထိုးပစ္စည်းအဖြစ် ကမ္ဘာတဝှမ်းရှိ လူငယ်၊ လူကြီးများအကြား လူကြိုက်များ ရေပန်းစားလျက်ရှိသော E – စီးကရက်များတွင် အဆုတ်ကို ဒုက္ခပေးနိုင်သည့် ဘက်တီးရီးယားနှင့် မှိုပိုးများပါရှိနေနိုင်ကြောင်း အမေရိကန်နိုင်ငံ၊ Massachusetts

ပြည်နယ် ဘော့စ်တွန်မြို့ရှိ “The Havard TH Chan School of Public Health” မှ သုတေသီအဖွဲ့၏ လေ့လာထားချက်အရ သိရသည်။ ဓာတ်ခွဲခန်းစမ်းသပ်စစ်ဆေးချက်အရ  E -စီးကရက်များအတွင်း၌ ထည့်သွင်းထားသော ဖလင်တိပ်ခွေ (Cartridge) နှင့် နီကိုတင်းအရည် (Refill liquids) များ၏ လေးပုံတစ်ပုံမှာ ဘက်တီးရီးယားပိုးမွှားများ ပေါက်ပွားနေနိုင်ပြီး မှိုပိုးအများစုတွင် တွေ့ရသော “Glucan” အမည်ရှိ မော်လီကျူးတစ်မျိုးကိုလည်း E – စီးကရက်များ၏ (၈၁)ရာခိုင်နှုန်းတွင် ရှာဖွေတွေ့ရှိရကြောင်း ယင်းသုတေသန၌ ဖော်ပြထားသည်။

သို့ဖြစ်ရာ ၎င်းတို့နှင့်ထိတွေ့မိခြင်းက ရောင်ယမ်းမှုများဖြစ်ကာ အဆုတ်၏လုပ်ငန်းဆောင်တာများ ကျဆင်းခြင်း၊ ပန်းနာရင်ကျပ်ဝေဒနာများခံစားရခြင်း စသည်တို့ကို ဖြစ်ပွားစေနိုင်ကြောင်း သုတေသီများက ဆိုခဲ့သည်။ “ဒီသုတေသနရဲ့ အထောက်အထားတွေအရ ကမ္ဘာ့နိုင်ငံအသီးသီးက ကျန်းမာရေးအာဏာပိုင်တွေအနေနဲ့ E – စီးကရက်တရားဝင် အရောင်းမြှင့်တင်မှုပြုလုပ်တာတွေကို ဥပဒေထုတ်ပြန်ပြီး တားမြစ်ပေးဖို့ မျှော်လင့်ပါတယ်”ဟု ၎င်းအဖွဲ့မှ ဦးဆောင်သုတေသီပရော်ဖက်ဆာ David Christiani က ပြောကြားခဲ့သည်။

E – စီးကရက်များတွင် ပမာဏအများအပြားပါဝင်သော နီကိုတင်းနှင့် အနံ့အရသာအဖြစ် ထည့်သွင်းအသုံးပြုသော ဓာတုပစ္စည်းများကြောင့် အဆုတ်ရောဂါအပြင် နှလုံးသွေးကြောကျဉ်းရောဂါ၊ ဦးနှောက်သွေးကြောရောဂါ၊ သွေးတိုးရောဂါ၊ အဝလွန်ရောဂါနှင့်ကင်ဆာရောဂါများကိုလည်း ဖြစ်ပွားစေနိုင်ကြောင်း ယခင်လေ့လာမှုများအရ သိရသည်။

Health Care

ဒေါက်တာရဲခိုင်ဦး