ယနေ့ခေတ် နည်းပညာ တိုးတက်လာသည်နှင့်အမျှ Smart Phone များသည် နေ့စဉ်လူနေမှုဘဝတွင် မရှိမဖြစ် အရေးပါလာသည်။ ဆက်သွယ်ရေးနည်းပညာများ တိုးတက်လာသည့်အလျောက် လက်ကိုင်ဖုန်းတစ်လုံးသည် Computer တစ်လုံးသဖွယ် Internet သုံးခြင်း၊ Facebook သုံးစွဲခြင်း၊ Email ပေးပို့ခြင်း၊ Website ကြည့် ခြင်းစသည်ဖြင့် အချိန်ကုန်မှန်းမသိ ကုန်စေပါသည်။

အချိန်ကြာမြင့်စွာ ဖုန်းကြည့်ပါက ရေရှည်တွင် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်။ ဖုန်းကို လက်ကကိုင်၊ ခေါင်းကိုငုံ့၊ ဖုန်းကိုပွတ်၊ အချိန်တစ်နာရီလောက် ကုန်မှန်းမသိကုန်သွားသည်။ တချို့ ဆိုလျှင် ထိုင်ရာမထ မရွေ့ဘဲ ပုံစံ တစ်မျိုးတည်းဖြင့်အချိန် နှစ်နာရီ ကြာသုံး၏။ ပြီးတော့မှ ဇက်ကြော တွေတက်လို့၊ ညောင်းလို့ပြောကြ သည်။

လူတစ်ယောက် ထိုင်လျက်ဖြစ်စေ၊ မတ်တပ်ရပ်၍ဖြစ်စေ၊ ဦးခေါင်းကို ရှေ့တည့်တည့်ကြည့်၍ ခါးကို မတ်မတ်ထားပါက ဦးခေါင်း၏ အလေးချိန်သည် ၁၀ ပေါင်မှ ၁၂ ပေါင်အထိ လည်ပင်းအောက်သို့ သက်ရောက်သည်။ အကယ်၍ ဦးခေါင်းကို အရှေ့သို့ ၁၅ ဒီဂရီ လောက် အနည်းငယ်ငုံ့လိုက်ပါက ဦးခေါင်း၏အလေးချိန် သက်ရောက်မှုသည် ၂၇ ပေါင်အထိ လည်ပင်းအောက်သို့ သက်ရောက်သွားသည်။ ၃၀ ဒီဂရီငုံ့လျှင် ပေါင် ၄၀၊ ၄၅ ဒီဂရီဆိုလျှင် ၄၉ ပေါင်နှင့် ၆၀ ဒီ ဂရီငုံ့ပါက ပေါင် ၆၀ ထိ သက် ရောက်သွားသည်။

ဖုန်းသုံးသည့်ပုံစံသည် များသောအားဖြင့် ၄၅ ဒီဂရီလောက် ငုံ့လေ့ရှိသည်။ မျက်လုံးထဲ မြင်အောင်ပြောရလျှင် လူတစ်ယောက် Gym တွင် လက်မောင်းကြွက်သား လေ့ကျင့်ခန်းလုပ်ပါက ၁၀ ပေါင်၊ ၁၅ ပေါင် အလေးမလေ့ရှိသည်။ ထိုအလေးချိန်ကို ၁၅ မိနစ်လောက် ဆက်တိုက် မချဘဲမထားပါက လက်မောင်းကြွက်သားများ တင်းလာပါမည်။ ကြွက်သားများ ပင်ပန်းလာမည်။ ကိုက်ခဲလာမည်။ နောက် ဆုံးတွင် နာကျင်ကိုက်ခဲမှုကို ရက်အတော်ကြာခံစားရပေမည်။

ယခုမူ ၄၅ ဒီဂရီ ခေါင်းငုံ့နေသော ဦးခေါင်းအလေးချိန် ၄၉ ပေါင်ကို ထမ်းထားရန် Cervical Vertebra ခေါ် လည်ပင်းပိုင်း ကျောရိုးများ၊ ကြွက်သားများ၊ Ligaments ခေါ် ရိုးသက်ရွတ်များ အချိန်ကြာလျှင် ကြာသလောက် တောင့်ခံပြီး ထမ်းထားကြရသည်။ ဤသို့ တစ်ရက်ကို တစ်နာရီ၊ နှစ်နာရီဖြင့် တစ်ပတ်လောက်သုံးလိုက်လျှင် ဇက်ကြောတက်ခြင်းဝေဒနာကို စတင်ခံစားလာရမည်။ သို့သော် သိပ်မဆိုးသေး။ အကိုက်အခဲ ပျောက်ဆေးတချို့ သုံးပြီး သက်သာသွားတတ်သည်။ သို့သော် လ ပေါင်းအတန်ကြာ ရက်ဆက်သုံးပါက ဇက်ကြောတက်ခြင်းဝေဒနာကို ရောဂါတစ်ခုသဖွယ် ပြင်းထန်စွာ ခံစားရမည်မှာ မလွဲဧကန်ပင်။

လည်ပင်းရှိ Cervical Vertebra ခေါ် လည်ပင်းကျောရိုးဆစ်များ အပေါ်အောက် ရှိသင့်သည့်အကွာ အဝေးမရှိတော့ဘဲ တစ်ခုနှင့်တစ်ခု ထိဆက်သွားပြီး အရိုးခိုင်လာခြင်းကို လည်ပင်းအရိုးကျီးပေါင်းတက် ခြင်းဟုခေါ်သည်။ ထိုကဲ့သို့ဖြစ်လာပါက နောက်ဆက်တွဲအနေဖြင့် ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက် ခြင်း၊ ခေါင်းငုံ့လျှင် မူးဝေခြင်း၊ လက်ပြင်ကြောနာခြင်း၊ လက်မောင်း များနာခြင်း၊ အလုပ်တွင် အာရုံစူး စိုက်မှုနည်းခြင်း စသည်ဖြင့် နောက်ဆက်တွဲ ရောဂါများက တစ်ပုံတစ်ပင်။ Cervical Spondylosis ဖြစ်လာပါက အကိုက်အခဲပျောက်ဆေး၊ သောက်ဆေး၊ ထိုးဆေးများဖြင့် မသက်သာတော့ပါ။ လိုအပ်လျှင် ပူးနေသော လည်ပင်း ကျောရိုးဆစ်များကို ခွဲစိတ်ကုသရသည်အထိ ရောဂါကြီးမားတတ်ပေသည်။

သို့ဆိုလျှင် ဖုန်းလုံးဝမသုံးဘဲ နေမည်လား။ မဟုတ်သေးပါ။ နည်းမှန်လမ်းမှန်ဖြင့် အသုံးပြုလျှင် အန္တရာယ်မဖြစ်ပေ။ ဦးစွာပထမ မိမိသုံးသည့်အချိန်ကို သတိမူရမည်။ ဖြစ်နိုင်လျှင် ၁၅ မိနစ်၊ ၃၀ မိနစ်ခန့် သုံးပြီးလျှင် ဖုန်းကို ခဏချ၍ လမ်းလျှောက်ခြင်း၊ ဦးခေါင်း လေ့ကျင့်ခန်းလုပ်ခြင်းကို ၅ မိနစ် လောက် လုပ်သင့်သည်။

Facebook တည်ထောင်သူ Mark Zuckerberg ကိုယ်တိုင်ကပင် Facebook အသုံးပြုသူများ Facebook အသုံးပြုချိန် လျော့နည်းသွားစေရန် ပြောင်းလဲမှုတချို့ ပြုလုပ်မည်ဟု ကြေငြာခဲ့ပေသည်။ မလွဲသာ၍ ဖုန်းအကြာကြီး အသုံးပြုရမည်ဆိုပါက နည်းမှန် လမ်းမှန်ပုံစံဖြင့် အသုံးပြုရမည်။ ခါးကို မတ်မတ်ထား၍ ဖုန်းကို မိမိ၏မျက်စိနှင့် တစ်တန်းတည်း အနေအထားဖြင့် အသုံးပြုသင့်ပါသည်။ ခါးကို အကြာကြီးကုန်း၊ ဦးခေါင်းကို ငုံ့၍ ဖုန်းကို အောက်ချသုံးပါက ရေရှည်တွင် Kyphosis Deformity ခေါ် ခန္ဓာကိုယ် မူလပုံစံ ပျက်ယွင်းသည်အထိ ဆိုးရွားနိုင်ပါသည်။

ယနေ့တွင် လူငယ်များနှင့် အပြိုင် လူကြီးများပါ ဖုန်းပွတ်ခြင်း ဓလေ့ ကူးစက်လာသည်။ လူကြီး များ၏ပါးစပ်ထဲတွင်ပင် Facebook ထဲမှ ဟိုသတင်း၊ ဒီသတင်းစသဖြင့် ပြောဆိုနေကြသည်။ မိသားစုနှင့် အပြင်တွင် စကားပြောရန် အချိန်နည်းပါးလာသည်။ မိမိ၏အားလပ်ချိန်ကို ဖုန်းပွတ်ခြင်းဖြင့် အချိန်ဖြုန်း ကြသည်။

ချုပ်၍ဆိုရပါမူ မိမိ၏ တစ်ရက်တာ ဖုန်းအသုံးပြုချိန်ကို လျှော့၍ လမ်းလျှောက်ခြင်း၊ အားကစား ပြုလုပ်ခြင်း၊ မိသားစုနှင့် အချိန်ပေးခြင်းတို့တွင် အသုံးပြုသင့်ပါသည်။ အခြားသော Activities များတွင် ပါဝင်ကာ ဗဟုသုတလည်းရ၊ ကျန်း လည်းကျန်းမာသော ဘဝတစ်ခုကို တည်ဆောက်နိုင်ရန် ဆန္ဒပြုရင်း …။

ရွှေနန်းစံ

Health Care