ပထမအနေနဲ့ Uric acid (ယူရစ်အက်ဆစ်) များရင် ဘာဖြစ်တတ်လဲဆိုတာကို အရင်ပြောပြပေးပါမယ်။ အဓိကတော့ အဆစ်အမြစ်ရောင်တဲ့ရောဂါ (ဆေးပညာအရ Gout -ဂေါက်ရောဂါ) လို့လည်းခေါ်ပါတယ်။ နောက်တစ်ခု အဖြစ်များတာက တော့ ဆီးကျောက်တည်တာပါ။ အသေးစိတ်ကိုတော့ သက်ဆိုင်ရာ အထူးကုဆရာဝန်တွေ က ရှင်းပြပေးပါလိမ့်မယ်။
အခုဆောင်းပါးမှာတော့ Uric Acid များတဲ့သူတွေ အနေနဲ့ ဘယ်လိုအစားအသောက်တွေ စားသင့်လဲ၊ ဘာတွေ ရှောင်သင့်လဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။
သတိနှင့် စားသင့်သည့်အစားအစာများ
၁။ ဝမ်းတွင်းကလီစာ (ဥပမာ – အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်)
၂။ အနီရောင်ရှိသော အသားများ (ဥပမာ – အမဲသား၊ ဆိတ်သား)
၃။ ပင်လယ်စာ များ၊ ငါးသေတ္တာငါး
အစရှိတဲ့ အစားအစာတွေမှာ Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါတာကြောင့် သွေးတွင်းယူရစ်အက်ဆစ်ပမာဏကို ပိုများစေပါတယ်။
၄။ တစ်နေ့ကို အသင့်သောက် အချိုရည်( ၆)ဘူး အထက်သောက်တဲ့ သူတွေမှာလည်း ယူရစ်အက်ဆစ်တွေများနေပါတယ်။ အကြောင်းရင်း ကတော့ အချိုရည်တွေမှာပါတဲ့ Fructose (ခေါ်) သကြားဓာတ်တစ်မျိုးကြောင့်ဖြစ်ပါတယ်။
၅။ အရက်၊ ဘီယာအလွန်အကျွံသောက်တာကို ရှောင်ကြဉ်ရပါမယ်။
၆။ ကော်ဖီကိုလည်း တစ်နေ့ (၂-၃) ခွက်ထက်ပိုမသောက် သင့်ပါဘူး။
၇။ ပဲပုပ်စေ့၊ ကုလားပဲ စတာတွေမှာတော့ Purine ပါဝင်မှုများတဲ့အတွက် အလွန်အကျွံ မစားမိဖို့လိုအပ်ပါတယ်။
၈။ ဗီတာမင်စီ နှင့် ဒီ ပါဝင်သော အားဆေးတွေဟာ ဆီးကျောက်တည်တာကို ပိုဆိုးစေလို့ တတ်နိုင်သမျှ ရှောင်ကြဉ်ရပါမယ်။
၉။ အသီးအရွက်ထဲမှာဆိုရင် ဟင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မှို စတာတွေကို အများကြီးမစားသင့်ပါဘူး။
Purine ပါဝင်မှုနည်းသောအစားအစာများ(စားသင့်သော အစားအစာများ)
၁။ ရေများများသောက်ပါ။ ဒါမှ ယူရစ်အက်ဆစ်တွေကို ကျောက်ကပ်က ဆီးနဲ့အတူ စွန့်ထုတ်ပေးနိုင်မှာဖြစ်ပြီး သွေးတွင်းယူရစ်အက်ဆစ်ပမာဏကို ကျစေကာ ဆီးကျောက်တည်တဲ့ အခြေအနေကိုလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
၂။ အသီးတော်တော်များများက Purine ဓါတ်ပါဝင်မှုနည်းတဲ့အတွက် စားသင့်ပါတယ်။
၃။ အဆီထုတ်ထားတဲ့ နို့သောက်ပေးပါ။ ဒါပေမယ့် နို့ထဲမှာ ဗီတာမင်ဒီ ထပ်ထည့်ထားတဲ့ နို့ဆိုရင်တော့ ရှောင်သင့်ပါတယ်။ ဆီးကျောက်တည်တာ ပိုဆိုးစေတတ်လို့ပါ။
၄။ ချိစ်
၅။ ကြက်ဥ
၆။ အစေ့အဆန်များ
၇။ ပေါင်မုန့်၊ ထမင်း၊ အီတလီခေါက်ဆွဲ (Pasta, Spaghetti)
ဒေါက်တာ ညီညီကျော်
Health Care