ခရုသင်း/ သမင်ဖြူရောဂါ ဆိုသည်မှာ ခန္ဓာကိုယ်၏ ကိုယ်ခံ အားစနစ် ဖောက်ပြန်ခြင်းကြောင့် အရေပြားတွင် ရောင်ခြယ်ပစ္စည်း (Melanin) ဆုံးရှုံးကာ မူလအရေ ပြားအရောင်မှ ဖျော့သွားခြင်း၊ ဖြူ သွားခြင်းနှင့် အရေပြားပေါ်၌ နေ ရာကွက်၍ အကွက်များဖြစ်ပေါ်လာသော Autoimmune ရောဂါတစ်မျိုးဖြစ်သည်။

ရောဂါဖြစ်စေသော အကြောင်းရင်းများ

– ရောဂါဖြစ်စေသော အကြောင်းရင်း အတိအကျမရှိပါ။ အသက်အရွယ်မရွေး ဖြစ်တတ်ပြီး မျိုးရိုးလိုက်တတ်သည်။ သို့သော် မိဘတစ်ဦးတွင် ရောဂါရှိသော်လည်း သားသမီးများ၌မူ ၅ – ၇ ရာခိုင်နှုန်းသာ ရောဂါဖြစ်နိုင်ခြေ ရှိသည်။

– သိုင်းရွိုက်ရောဂါနှင့်လည်း ဆက်စပ်မှု ရှိနေတတ်သည်။

ရောဂါလက္ခဏာများ

– ဆံပင်၊ မျက်တောင်မွေး၊ မျက်ခုံးမွေးနှင့် မုတ်ဆိတ်မွေးများ အချိန်မတိုင်မီ ဖြူလာခြင်း (သို့မဟုတ်) မီးခိုးရောင်ပြောင်းသွားခြင်း။

– ပါးစပ်၊ နှာခေါင်း အတွင်းရှိ တစ်သျှူးများနှင့် မျက်လုံးတစ်ဝိုက်တွင် သက်ရောက်မှုရှိနိုင်သည်။

– နေရောင်ခြည်နှင့် ထိတွေ့ခြင်း၊ စိတ်ဖိစီးခြင်းတို့ကြောင့် ရောဂါပိုမိုဆိုးရွားနိုင်သည်။

– များသောအားဖြင့် နေရောင်ခြည်နှင့်ထိတွေ့သော အရေပြားနေရာများ (လက်၊ ခြေထောက်၊ မျက်နှာ၊ လည်ပင်း)တွင် တွေ့ရတတ်သည်။

ရောဂါရှာဖွေစစ်ဆေးခြင်း

– ရောဂါဖြစ်သည်ဟု သံသယရှိသောနေရာမှ အသားစယူပြီး စစ်ဆေးခြင်း

– သွေးစစ်ဆေးခြင်း၊ သိုင်း ရွိုက်ဟော်မုန်းစစ်ဆေးခြင်း

– မျက်စိနှင့် အကြားအာရုံ စမ်းသပ်ခြင်း

ကုသမှု

– စတီးရွိုက်ဟော်မုန်းပါဝင်သော လိမ်းဆေးများ၊ ဗီတာမင် D ပါသောလိမ်းဆေးများ၊ ကိုယ်ခံအား ကိုတိုးစေသော လိမ်းဆေးများဖြင့် ကုသခြင်း

– ရောဂါဖြစ်နေသော အရေပြားကို ဖယ်ရှားခြင်း

– ခွဲစိတ်ကုသခြင်း (Suction Blister Graft)

– တက်တူးထိုးခြင်း၊ လေဆာဖြင့်ကုသခြင်း

Melanocyte အစားထိုးကုသခြင်း

Vitiligo လူနာများအတွက် ရောဂါပိုမိုမဆိုးရွားစေရန် အောက်ပါနည်းလမ်းများဖြင့် ကာကွယ်ပါ။

– နေရောင်နှင့် တိုက်ရိုက်ထိ တွေ့ခြင်းမှ ရှောင်ကြဉ်ပါ။

– စိတ်ဖိစီးမှုများခြင်းကို လျှော့ ချပါ။

– အာဟာရပြည့်ဝသော (အထူးသဖြင့် ဗီတာမင် E, B12, Copper နှင့် ဇင့်ဓာတ်ကြွယ်ဝသော) အစားအစာများကို စားသုံးပါ။

– ကလိုရင်းခတ်ထားသော ရေ (ဥပမာ – ရေကူးကန်)ရှိရေနှင့် ထိတွေ့မှုများခြင်းကို လျှော့ချပါ။

ဒေါက်တာရဲခိုင်ဦး

Health Care